မိုးညှင်း စက်တင်ဘာ ၁၁
၂၀၂၅ ခုနှစ် စက်တင်ဘာလ (၁၃)ရက်တွင် ကျရောက်မည့် (၁၃)ကြိမ်မြောက် မြန်မာနိုင်ငံလူကုန်ကူးမှုတိုက်ဖျက်ရေးနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် တိုက်ဖျက်ရေးနေ့၏ ရည်ရွယ်ချက်(၄)ရပ်ပါ Billboard စိုက်ထူခြင်းနှင့် အသိပညာပေးလက်ကမ်းစာစောင်များ ဖြန့်ဝေခြင်းကို ယနေ့နံနက် (၈)နာရီက စုပေါင်းရုံးလမ်းဆုံတွင် ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
အဆိုပါ ဆိုင်းဘုတ်၌ ၂၀၂၅ ခုနှစ်တွင် ထုတ်ပြန်ခဲ့သည့် လူကုန်ကူးမှုတိုက်ဖျက်ရေးနေ့၏ ရည်ရွယ်ချက် (၄)ရပ်နှင့် “လူကုန်ကူးမှုတိုက်ဖျက်ဖို့ ခေါင်းပုံဖြတ်မှုအဆုံးသတ်စို့” ဆောင်ပုဒ်ပါ ဆိုင်းဘုတ်ကို ခရိုင်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးညီညီလွင် ဦးဆောင်သည့် အဖွဲ့ဝင်များ၊ မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ အမှတ်(၃) လူကုန်ကူးမှုတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့စိတ်(မိုးညှင်း)မှ တပ်ဖွဲ့စိတ်မှူး ရဲအုပ်တင့်လွင်နှင့် တပ်ဖွဲ့ဝင်များ၊ ခရိုင်/မြို့နယ် လူကုန်ကူးမှုတားဆီးကာကွယ်ရေးအဖွဲ့ဝင်များ၊ ခရိုင်ကြက်ခြေနီ တပ်ဖွဲ့ဝင်များ၊ ခရိုင်/မြို့နယ် မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်းနှင့် အမျိုးသမီးရေးရာ အဖွဲ့ဝင်များမှ ဆိုင်ဘုတ်စိုက်ထူကြပြီး အမှတ်တရ စုပေါင်းမှတ်တမ်း ဓာတ်ပုံရိုက်ကူးကြကြောင်း သိရသည်။
ထို့နောက် ပြည်ထောင်စုကားလမ်းမကြီးပေါ်၌ သွားလာနေကြသည့် ခရီးသွားပြည်သူများအား ကျယ်ကျယ်ပြန့်ပြန့် သိရှိနိုင်စေရန်အတွက် လူကုန်ကူးမှု၊ လူမှောင်ခိုမှု၊ ခေါင်းပုံဖြတ်မှု၊ သက်ငယ်မုဒိမ်းမှုနှင့် တရားမဝင် အလုပ်သမားခိုင်စေမှုများ၊ လူကုန်ကူးခြင်းခံရနိုင်သည့် အဓိကအချက်များ၊ ပြည်ပဆိုင်ရာ အလုပ်သမားဥပဒေများ၊ လူကုန်ကူးမှုကျူးလွန်ပါက ခံရနိုင်သည့် ပြစ်မှု၊ ပြစ်ဒဏ်များသိရှိနိုင်စေရန်နှင့် ဆက်သွယ်ရမည့် ဖုန်းနံပါတ်များနှင့် လိပ်စာများပါဝင်သည့် အသိပညာပေး လက်ကမ်းစာစောင်များကို အဆိုပါအဖွဲ့မှ လက်ဝယ်အရောက် ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။
ရွှေမိုးညှင်း(ပြန်/ဆက်)