ချမ်းမြသာစည်မြို့နယ်တွင် ဌာနဆိုင်ရာ ဝန်ထမ်းများအားလုံးသို့ မဲပေးစက်ဆိုင်ရာအကြောင်း အသိပညာပေးနှင့် လက်တွေ့စမ်းသပ်မဲပေးခြင်းအခမ်းအနား  ကျင်းပ

ချမ်းမြသာစည် စက်တင်ဘာ ၁၁

မန္တလေးတိုင်းဒေသကြီး၊ ချမ်းမြသာစည်မြို့နယ် မြို့သစ်အမှတ် (၂) ရပ်ကွက်၊ ၆၆ လမ်း၊ အမှတ် (၁၃) အခြေခံပညာအထက်တန်းကျောင်း (ခွဲ) ရှိ ချယ်ရီစူပါစိမ်းခန်းမတွင် မဲပေးစက်အသုံးပြု၍ မဲပေးခြင်းဆိုင်ရာ လုပ်ငန်းစဥ်များကို မြို့နယ်အဆင့်ဌာနဆိုင်ရာ ဝန်ထမ်းအားလုံး  ကျယ်ကျယ်ပြန့်ပြန့် သိရှိနိုင်ရေးအတွက် မြန်မာအီလက်ထရောနစ် မဲပေးစက်ဆိုင်ရာအသိပညာပေးခြင်းနှင့် လက်တွေ့စမ်းသပ်မဲပေးခြင်း အခမ်းအနားကိုစက်တင်ဘာ ၁၁ ရက်နေ့ နံနက် ၉ နာရီခွဲတွင် ကျင်းပခဲ့သည်။

အခမ်းအနားတွင် မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးထင်ဇော်ဦးမှ အဖွင့်အမှာစကား ပြောကြားခဲ့သည်။

ဆက်လက်ပြီး မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲဥက္ကဋ္ဌ ဦးမျိုးလွင်မှ အမှာစကားပြောကြားပြီး‌နောက် မြန်မာအီလက်ထရောနစ်မဲပေးစက်နှင့်ပတ်သက်၍ မြို့နယ်အဆင့် ဌာနဆိုင်ရာ ဝန်ထမ်းအားလုံးသိရှိ နားလည်‌စေရန်အတွက် Power Point ဖြင့် ရှင်းလင်း ပြသခဲ့သည်။

ထို့‌နောက် မြို့နယ်ကော်မရှင်အဖွဲ့၊ မြို့နယ်ဒုတိယဦးစီးမှူး ဒေါသိမ့်သိမ့်ဆွေနှင့် ဝန်ထမ်း (၃) ဦးမှ မြန်မာအီလက်ထရောနစ်မဲပေးစက် တပ်ဆင်အသုံးပြုပုံများအား လက်တွေ့ရှင်းလင်းပြသခဲ့ရာ တက်ရောက်လာကြသည့် ဌာနဆိုင်ရာဝန်ထမ်းများက မြန်မာအီလက်ထရောနစ်မဲပေးစက်ဖြင့် တစ်ဦးချင်း ကိုယ်တိုင်စမ်းသပ်မဲပေးခြင်းများကို လက်တွေ့ဆောင်ရွက်ခဲ့သည်။

အဆိုပါ အခမ်းအနားသို့ ချမ်းမြသာစည်မြို့နယ် မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးထင်ဇော်ဦးနှင့်အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာဝန်ထမ်းများ၊ မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲဥက္ကဋ္ဌ ဦးမျိုးလွင်နှင့် အဖွဲ့ဝင်များ၊ မြို့နယ်အတွင်းရှိ ရပ်ကွက်ရွေးကောက်ပွဲကော်မရှင်အ‌ဖွဲ့ခွဲ အဖွဲ့ဝင်များ၊ စုစုပေါင်းအင်အား (၄၀၀) ဦး တက်ရောက်ခဲ့ကြကြောင်း သိရသည်။

ချမ်းမြေ့(ချမ်း/စည်)