ကျောက်ဆည် စက်တင်ဘာ ၁၁
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ ကျောက်ဆည်မြို့တွင် ကျောင်းသားလူငယ်များ ဗလငါးတန်နှင့်ပြည့်စုံပြီး ဘက်စုံဖွံ့ဖြိုးတိုးတက်ရေး၊ လူငယ်ရေးရာအသိပညာပေးဟောပြောပွဲ၊ စာအုပ်စာစောင်ပြပွဲနှင့် နံရံကပ်စာစောင်ပြပွဲကို စက်တင်ဘာ ၁၀ ရက်နေ့ နံနက်ပိုင်းက ဟံမြင့်မိုရ်ကျေးရွာ အခြေခံပညာအထက်တန်းကျောင်းတွင် ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
လူငယ်ရေးရာ အသိပညာပေးဟောပြောပွဲတွင် ဟံမြင့်မိုရ်ကျေးရွာ အခြေခံပညာအထက်တန်းကျောင်းမှ ကျောင်းအုပ်ဆရာမကြီး ဒေါ်ခင်ချိုသက်က အဖွင့်အမှာစကားပြောကြားခဲ့ပြီး ကျောက်ဆည်ခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်ခင်နှင်းရီက လူငယ်ရေးရာအသိပညာပေးဟောပြောပွဲ ကျင်းပပြုလုပ်ရခြင်း၏ ရည်ရွယ်ချက်များကို ရှင်းလင်းပြောကြားခဲ့သည်။
ထို့နောက် စာရေးဆရာကိုရွှေအောင်သင်းက “လူငယ်နှင့်အနာဂတ်နိုင်ငံတော်” ခေါင်းစဉ်ဖြင့်အသိ ပညာပေးအကြောင်းအရာများကို ဟောပြောဆွေးနွေးခဲ့ပြီး ကျောင်းသား/ကျောင်းသူများနှင့် အပြန်အလှန်ဆွေးနွေးမှုများ ပြုလုပ်ခဲ့ကာ အမှတ်တရလက်ဆောင်များပေးအပ်ခဲ့ပြီး စုပေါင်းမှတ်တမ်းဓာတ်ပုံများ ရိုက်ကူးခဲ့ပြီး ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ခင်းကျင်းပြသထားသော သုတ၊ ရသ စာအုပ်စာစောင်များနှင့် ကလေးအလုပ်သမားပပျောက်ရေး၊ သဘာဝဘေးအန္တရာယ်ကာကွယ်ရေး၊ အရွယ်မရောက်သေးသည့် ကလေးသူငယ်များစစ်မှုထမ်းခြင်းမှ ကာကွယ်ခြင်း၊ ယာဉ်စည်းကမ်းလမ်းစည်းကမ်း အန္တရာယ်ကင်းရှင်းရေး အသိပညာပေး လက်ကမ်းစာစောင်များကို စိတ်ဝင်စားစွာကြည့်ရှုလေ့လာခဲ့ပြီး မွန်းလွဲပိုင်းတွင် မင်းစုကျေးရွာ အခြေခံပညာအထက်တန်းကျောင်း၌ လူငယ်ရေးရာအသိပညာပေးဟောပြောပွဲ ဆက်လက်ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
စုစုအေး(ကျောက်ဆည်)