ရန်ကုန် စက်တင်ဘာ ၁၁
ရန်ကုန်တိုင်းဒေသကြီး (၂၆) ကြိမ်မြောက် မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီး ပြိုင်ပွဲ (အခြေခံပညာအဆင့်) ဖွင့်ပွဲအခမ်းအနားကို ယမန်နေ့ နံနက်ပိုင်းက ရန်ကုန်တိုင်းဒေသကြီး၊ အလုံမြို့နယ်၊ အမှတ်(၄)အခြေခံပညာအထက်တန်းကျောင်း၊ သီရိရတနာခန်းမတွင် ကျင်းပရာ ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးစိုးသိန်းနှင့် ဇနီး ဒေါ်မော်မော်သန်း၊ ရန်ကုန်တိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ် ပြည့်စုံလင်းနှင့် ဇနီး၊ ရန်ကုန်တိုင်းဒေသကြီး တရားလွှတ်တော်တရားသူကြီးချုပ် ဒေါ်စန္ဒာသွယ်၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်များနှင့် ၎င်းတို့၏ ဇနီးများ၊ တိုင်းဒေသကြီး/ ခရိုင်/ မြို့နယ်အဆင့် ဌာနဆိုင်ရာအကြီးအကဲများ၊ အမျိုးသားယဉ်ကျေးမှုနှင့် အနုပညာတက္ကသိုလ်မှ တာဝန်ရှိသူများ၊ အကဲဖြတ်ဒိုင်အဖြစ် ပါဝင်ဆောင်ရွက်ကြမည့် အနုပညာရှင်များနှင့် ဖိတ်ကြားသည့် ဧည့်သည်တော်များ၊ ပြိုင်ပွဲဝင် ကျောင်းသား၊ ကျောင်းသူများနှင့် တာဝန်ရှိသူများ တက်ရောက်ကြသည်။
ဦးစွာ ရန်ကုန်တိုင်းဒေသကြီး (၂၆) ကြိမ်မြောက် မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီး ပြိုင်ပွဲကျင်းပရေးဦးစီးကော်မတီ နာယက၊ ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးစိုးသိန်းက အဖွင့်အမှာစကားပြောကြားရာ အနုပညာရှင်များနှင့် တာဝန်ရှိသူများအားလုံး ရိုးရာယဉ်ကျေးမှု အနုပညာများကို မျိုးဆက်သစ်လူငယ်များသို့ လက်ဆင့်ကမ်းပေးနိုင်ရေး ဝိုင်းဝန်းကူညီဆောင်ရွက်ပေးကြရန် တိုက်တွန်းပြောကြားလိုပါကြောင်း၊ ရိုးရာယဉ်ကျေးမှုအမွေအနှစ်များကို ရေရှည်တည်တံ့အောင် အမျိုးသားရေးတာဝန်တစ်ရပ်အနေဖြင့် ဆက်လက်ထိန်းသိမ်းသွားကြရန် အထူးမှာကြားလိုပါကြောင်းနှင့် ဝိုင်းဝန်းကူညီဆောင်ရွက်ပေးကြသည့် ကော်မတီဝင်များနှင့် အကဲဖြတ်ဒိုင်လူကြီးများအဖြစ် ဆောင်ရွက်ပေးကြသည့် အနုပညာရှင်များအားလုံးကို အထူးကျေးဇူးတင်ရှိပါကြောင်းစသည်တို့ကို ပြောကြားသည်။
ထို့နောက် ရန်ကုန်တိုင်းဒေသကြီး (၂၆)ကြိမ်မြောက် မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီး ပြိုင်ပွဲကျင်းပရေးဦးစီးကော်မတီနာယက၊ ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးစိုးသိန်း၊ ရန်ကုန်တိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ် ပြည့်စုံလင်း၊ လူမှုရေးရာဝန်ကြီး ဦးဌေးအောင်၊ ရန်ကုန်တိုင်းဒေသကြီး ပညာရေးမှူးရုံးမှ ဒုတိယညွှန်ကြားရေးမှူးချုပ် ဒေါက်တာ ချိုချိုမြတ်အောင်၊ အတီးအကဲဖြတ်လုပ်ငန်းအဖွဲ့ဥက္ကဋ္ဌ ဦးစောဝင်း၊ အကပညာရှင် ဦးအောင်တင်ဝင်းနှင့် အကပညာရှင် ဒေါ်နွဲ့နွဲ့စမ်းတို့က ပြိုင်ပွဲအား ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးကြသည်။
ဆက်လက်၍ လသာမြို့နယ်၊ အမှတ်(၂)အခြေခံပညာအထက်တန်းကျောင်းမှ ၁၀-၁၅ နှစ် ကျောင်းသူလေးများ၏ (ဆုဝတီ) ဆိုင်းအဖွဲ့က တီးခတ်ဖျော်ဖြေခြင်းဖြင့်လည်းကောင်း၊ ဒဂုံမြို့နယ်၊ အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်းမှ ကျောင်းသား၊ ကျောင်းသူများက “လူချွန်လူကောင်း” သီချင်းဖြင့် တီးခတ်သီဆိုဖျော်ဖြေခြင်းဖြင့်လည်းကောင်း၊ ကြည့်မြင်တိုင်မြို့နယ်၊ အမှတ်(၃)အခြေခံပညာအထက်တန်းကျောင်းမှ ကျောင်းသား၊ ကျောင်းသူများက “သွေးချင်းတို့ရဲ့မြေ” သီချင်းဖြင့် ကပြဖျော်ဖြေခြင်းဖြင့်လည်းကောင်း၊ မြောက်ဥက္ကလာပမြို့နယ်၊ ပညာလင်္ကာရမဏ္ဍိုင်ဘုန်းတော်ကြီးသင်ပညာရေး မူလတန်းလွန်ကျောင်းမှ ကျောင်းသူလေးများက “မြန်မာ့စိတ်ရင်းမြန်မာ့ရှုခင်း” သီချင်းဖြင့် တီးခတ်သီဆိုဖျော်ဖြေခြင်းဖြင့်လည်းကောင်း တင်ဆက်ခဲ့ကြပြီး ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးစိုးသိန်းနှင့် ဇနီး ဒေါ်မော်မော်သန်း၊ ရန်ကုန်တိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ် ပြည့်စုံလင်းနှင့် ဇနီးတို့က ဖျော်ဖြေရေးအဖွဲ့များအား ဂုဏ်ပြုချီးမြှင့်ငွေများ ပေးအပ်ကြသည်။
ယင်းနောက် ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးစိုးသိန်းနှင့် အဖွဲ့က ရန်ကုန်တိုင်းဒေသကြီး (၂၆) ကြိမ်မြောက် မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီး ပြိုင်ပွဲအကပြိုင်ပွဲကို ရန်ကုန်တိုင်းဒေသကြီး၊ အလုံမြို့နယ်၊ အမှတ်(၄)အခြေခံပညာအထက်တန်းကျောင်းတွင်လည်းကောင်း၊ အဆိုပြိုင်ပွဲကို လသာမြို့နယ်၊ အမှတ်(၂)အခြေခံပညာအထက်တန်းကျောင်းတွင်လည်းကောင်း၊ အရေးပြိုင်ပွဲကို ဒဂုံမြို့နယ်၊ အမှတ်(၂)အခြေခံပညာအထက်တန်းကျောင်းတွင်လည်းကောင်း၊ အတီးပြိုင်ပွဲကို စမ်းချောင်းမြို့နယ်၊ အမှတ်(၂)အခြေခံပညာအထက်တန်းကျောင်းတွင်လည်းကောင်း အသီးသီးယှဉ်ပြိုင်နေမှုများကို လှည့်လည်ကြည့်ရှုအားပေးပြီး ပြိုင်ပွဲဘာသာရပ်အလိုက် ဒိုင်အဖွဲ့ဝင်များ ဖြစ်ကြသည့် အကဲဖြတ်ပညာရှင်များ၊ မိဘဆွေမျိုးများနှင့် ပြိုင်ပွဲဝင်များကို ရင်းရင်းနှီးနှီးတွေ့ဆုံနှုတ်ဆက်အားပေးစကားပြောကြားခဲ့ပြီး ဘာသာရပ်အလိုက် ပြိုင်ပွဲဝင်များအား ဂုဏ်ပြုချီးမြှင့်ငွေများကို ပေးအပ်ခဲ့ကြောင်းနှင့် (အခြေခံပညာအဆင့်) ပြိုင်ပွဲသို့ ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ အခြေခံပညာကျောင်းများ၊ ကိုယ်ပိုင်ကျောင်းများနှင့် ဘုန်းတော်ကြီးသင်ပညာရေးကျောင်းများမှ ဘာသာရပ်အလိုက် ပြိုင်ပွဲဝင်စုစုပေါင်း (၅၁၃) ဦးက စက်တင်ဘာလ(၁၀) ရက်နေ့မှ စက်တင်ဘာလ(၁၁)ရက်နေ့အထိ ပါဝင်ယှဉ်ပြိုင်ကြမည်ဖြစ်ကြောင်း သိရသည်။
ဇွဲထက်ကို (ပြန်/ဆက်)