တံတားဦး စက်တင်ဘာ ၁၁
မန္တလေးတိုင်းဒေသကြီး တံတားဦးခရိုင် တံတားဦးမြို့နယ်သို့ မြန်မာနိုင်ငံအမျိုးသမီးရေးရာအဖွဲ့ချုပ်ဥက္ကဋ္ဌ ဒေါက်တာသက်သက်ဇင်နှင့်တာဝန်ရှိသူများသည် စက်တင်ဘာ ၁၁ ရက်နေ့ နံနက်ပိုင်းက တံတားဦးမြို့နယ် ဟံသာဝတီကျေးရွာအုပ်စု ကောလင်းဘုန်းတော်ကြီးကျောင်း၌ ငလျင်ဘေးသင့်ပြည်သူများအား ထောက်ပံ့ပစ္စည်း လှူဒါန်းပွဲကို ကျင်းပခဲ့ကြောင်း သိရသည်။
ရှေးဦးစွာ မြန်မာနိုင်ငံအမျိုသမီးရေးရာအဖွဲ့ချုပ်ဥက္ကဋ္ဌ ဒေါက်တာသက်သက်ဇင်နှင့်တာဝန်ရှိသူများသည် ဟံသာဝတီကျေးရွာအုပ်စု ကောလင်းပရိယတ္တိစာသင်တိုက် ဦးစီးပဓာနနာယက ဘဒ္ဒန္တပညိန္ဒနှင့် ဆရာတော်သံဃာတော်များအား ဖူးမျှော်ကြည်ညို၍ ဆရာတော်ထံမှ ငါးပါးသီလ ခံယူဆောက်တည်ကြပြီး ဆရာတော်သံဃာတော်များအား ဝါဆိုသင်္ကန်းများ ဆက်ကပ်လှူပြီးနောက် လှူဒါန်းမှုအစုစုအတွက် ရေစက်သွန်းချအမျှပေးဝေကြသည်။
ထို့နောက် မြန်မာနိုင်ငံအမျိုသမီးရေးရာအဖွဲ့ချုပ်ဥက္ကဋ္ဌ ဒေါက်တာသက်သက်ဇင်နှင့် တာဝန်ရှိသူများသည် တံတားဦးမြို့နယ်ရှိ ငလျင်ဘေးသင့် သက်ကြီးရွယ်အိုများ (၃၈) ဦးအား အားပေးစကားပြောကြားပြီး ထောက်ပံ့ပစ္စည်းများကို လှူဒါန်းပေးကြသည်။
ဆက်လက်၍ မြန်မာနိုင်ငံအမျိုသမီးရေးရာအဖွဲ့ချုပ်ဥက္ကဋ္ဌ ဒေါက်တာသက်သက်ဇင်နှင့် တာဝန်ရှိသူများသည် တံတားဦးမြို့နယ်ရှိ ငလျင်ဘေးသင့်ပြည်သူ (၁၆၅) ဦးနှင့် တွေ့ဆုံပြီး အားပေးစကားပြောကြားပြီး ငလျင်ဘေးသင့်ပြည်သူများကိုယ်စား တံတားဦးမြို့ အမှတ် (၁) ရပ်ကွက်နေ ဦးစည်းစိမ်တိုးက ကျေးဇူးတင်စကားပြန်လည်ပြောကြားပြီးနောက် မြန်မာနိုင်ငံအမျိုးသမီးရေးရာအဖွဲ့ချုပ်ဥက္ကဋ္ဌနှင့် တာဝန်ရှိသူများက ထောက်ပံ့ပေးအပ်လှူဒါန်းကြသည်။
အဆိုပါ ငလျင်ဘေးသင့်ပြည်သူတစ်ဦးလျှင် အခင်းစောင် (၁) ထည်၊ ခြုံစောင် (၁) ထည်၊ ဆပ်ပြာမှုန့်၊ အမျိုးသမီးလစဉ်သုံးပစ္စည်း၊ ဆန် (၆) ပြည်၊ ဆီ (၄၀) ကျပ်သား၊ ခေါက်ဆွဲခြောက်ထုပ် (၁) ဖာ၊ သွားတိုက်ဆေး၊ သွားတိုက်တံ၊ ဆိုလာမီးအိမ်၊ စုစုပေါင်းပစ္စည်း (၁၀) မျိုးအား ထောက်ပံ့လှူဒါန်းခဲ့ကြောင်း သိရသည် ။
ရဲတင့်(ပြန်/ဆက်)