မိုးကောင်း စက်တင်ဘာ ၁၁
ကချင်ပြည်နယ်၊ မိုးညှင်းခရိုင်၊ မိုးကောင်းမြို့နယ် ပင်းဘောကျေးရွာအုပ်စု၊ ပဲခူးစုကျေးရွာရှိ မဟာစည်သာသနာရိပ်သာ၌ မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲမှ မဲပေးစက်ဆိုင်ရာ အသိပညာပေးခြင်းနှင့် လက်တွေ့စမ်းသပ်မဲပေးခြင်းကို ယမန်နေ့နံနက်(၁၀)နာရီတွင် ပြုလုပ်ကြောင်း သိရသည်။
အဆိုပါဆောင်ရွက်ရာတွင် မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲမှ ဦးစီးအရာရှိ ဒေါ်သူဇာဝင်းက မြန်မာအီလက်ထရောနစ် မဲပေးစက်အကြောင်းကို ရှင်းလင်းပြောကြားခဲ့ပြီး တက်ရောက်လာသူ ပင်းဘောတိုက်နယ်အတွင်းရှိ နန့်ခွင်၊ ထုံးရေပေါက်၊ ကုန်းတန်းကြီး၊ ပင်းဘော၊ အင်ကြင်းကုန်း၊ သိုက်ဝါးကုန်း၊ ကုန်းဘောင်၊ နမ္မန၊ ပင့်သာကျေးရွာတို့မှ မဲဆန္ဒရှင်ပြည်သူများအား မဲရုံတာဝန်ခံဆောင်ရွက်မည့် တာဝန်ရှိသူများက ကိုယ်တိုင်စမ်းသပ်မဲပေးခြင်းများကို ဆောင်ရွက်သည်။
ဆက်လက်၍ ဆားမှော်တိုက်နယ်အတွင်းရှိ ဆားမှော်၊ ထီးချိုင့်၊ တောင်နီ၊ ကညှင်မြိုင်၊ အင်းပေါင်း၊ ပြွန်သုံးလုံးကျေးရွာတို့မှ မဲဆန္ဒရှင်ပြည်သူများကိုလည်း ဆားမှော်ကျေးရွာ ဘက်စုံသုံးခန်းမ၌ အလားတူ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
သန်းလွင်ဦး(ပြန်/ဆက်)