ကုတင် ၅၅၀ ဆံ့ကလေးဆေးရုံကြီးတွင် (၆၁)နှစ်မြောက် မြန်မာနိုင်ငံရဲတပ်ဖွဲ့နေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် စုပေါင်းသွေးလှူဒါန်းပွဲကျင်းပ

ချမ်းအေးသာစံ စက်တင်ဘာ ၁၁

မြန်မာနိုင်ငံရဲတပ်ဖွဲ့၊ ရဲအရာရှိအတတ်သင်ကျောင်း(မန္တလေး)မှ  (၆၁)နှစ်မြောက် မြန်မာနိုင်ငံရဲတပ်ဖွဲ့နေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် စုပေါင်းသွေးလှူဒါန်းပွဲအခမ်းအနားကို ချမ်းအေးသာစံမြို့နယ် ကုတင် ၅၅၀ ဆံ့ ကလေးဆေးရုံကြီးရှိ အစည်းအဝေးခန်းမ၌ စက်တင်ဘာ ၁၁ ရက်နေ့ နံနက်ပိုင်းက ကျင်းပခဲ့သည်။

အောက်တိုဘာလ ၁ ရက်နေ့တွင် ကျရောက်မည့်  (၆၁)နှစ်မြောက် မြန်မာနိုင်ငံရဲတပ်ဖွဲ့နေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် မြန်မာနိုင်ငံရဲတပ်ဖွဲ့၊ ရဲအရာရှိအတတ်သင်ကျောင်း(မန္တလေး) ကျောင်းအုပ်ကြီး ရဲမှူးချုပ် မျိုးမင်းထိုက်မှကြီးမှူးကာ သင်တန်းသား၊ သင်တန်းသူ၊ သန္ဓေတပ်ဖွဲ့ဝင်များမှ စုပေါင်းသွေးလှူဒါန်းခဲ့ကြသည်။

အဆိုပါသွေးလှူဒါန်းရာတွင် ကုတင် ၅၅၀ ဆံ့ ကလေးဆေးရုံကြီးရှိ ဒေါက်တာနေမျိုးဝေ ဦးဆောင်ကာ သူနာပြု ဆရာမများက သွေးလှူမည့်သင်တန်းသားများအား သွေးပေါင်ချိန်ခြင်း၊ ကိုယ်အလေးချိန် ချိန်ခြင်း၊ သွေးဖောက်ခြင်းလုပ်ငန်းများကို ဂရုတစိုက်ပြုလုပ်ခဲ့သည်။ သွေးလှူဒါန်းနေမှုများအား ရဲအရာရှိ အတတ်သင်ကျောင်း(မန္တလေး) ကျောင်းအုပ်ကြီး ရဲမှူးချုပ် မျိုးမင်းထိုက်နှင့် ကုတင် ၅၅၀ ဆံ့ ကလေးဆေးရုံကြီးရှိ ဆေးရုံအုပ်ကြီး ဒေါက်တာဦးမျိုးမင်းတို့မှ လှည့်လည်ကြည့်ရှုကာ အားပေးစကားများ ပြောကြားခဲ့သည်။ ထို့နောက် ရဲမှူးချုပ် မျိုးမင်းထိုက်မှ သင်တန်းသား၊ သင်တန်းသူ၊ သန္ဓေတပ်ဖွဲ့ဝင်များ၏ စုစုပေါင်းသွေးအိတ်(၁၀၀)အိတ်အား ဆေးရုံအုပ်ကြီး ဒေါက်တာဦးမျိုးမင်းထံ ပေးအပ်ခဲ့ပြီး ဆေးရုံအုပ်ကြီးမှ ဂုဏ်ပြုမှတ်တမ်းလွှာကို ပြန်လည်ပေးအပ်ခဲ့သည်။ သွေးလှူရှင်များအား ကျန်းမာရေးစောင့်ရှောက်မှု များနှင့် အာဟာရဖြစ်စေရန်အတွက် ရေဓာတ်ဖြည့်အချိုရည်ဘူးများ၊ နွားနို့နှင့်ကြက်ဥများ ပေးအပ်ခဲ့ကြောင်း သိရသည်။

ချမ်းမြေ့မောင်(ချမ်း/စံ)