မှော်ဘီမြို့နယ်၌ မဲဆန္ဒရှင်ပြည်သူများအား မြန်မာအီလက်ထရောနစ်မဲပေးစက်(MEVM)ဆိုင်ရာအသိပညာပေးခြင်းနှင့်လက်တွေ့စမ်းသပ်မဲပေးခြင်းဆောင်ရွက်

မှော်ဘီ စက်တင်ဘာ ၁၁

ရန်ကုန်တိုင်းဒေသကြီး၊ မှော်ဘီခရိုင်၊ မှော်ဘီမြို့နယ်၌ ၂၀၂၅ ခုနှစ် ဒီဇင်ဘာ ၂၈ ရက်နေ့တွင်ကျင်းပမည့် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲကို ပြည်သူ လူထု၏ပူးပေါင်းပါဝင်မှုဖြင့် အောင်မြင်စွာကျင်းပဆောင်ရွက်နိုင်ရေးအတွက် မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီ၊ မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲတို့ပူးပေါင်း၍ မြန်မာ့အီလက်ထရောနစ်မဲပေးစက်(MEVM)ဆိုင်ရာအသိပညာပေးခြင်းနှင့် လက်တွေ့စမ်းသပ်မဲပေးခြင်းကို စက်တင်ဘာလ ၉ ရက်နေ့ နံနက် ၉ နာရီအချိန်က အုပ်စု(၃)အုပ်စုခွဲ၍ သတ်မှတ်စုရပ်နေရာများအသီးသီး၌ ကွင်းဆင်း‌ဆောင်ရွက်ခဲ့ကြသည်။

အဆိုပါ သတ်မှတ်စုရပ်နေရာများဖြစ်သောအဖွဲ့(၁)မှ မှော်ဘီမြို့အမှတ်(၂)ရပ်ကွက်ရှိ ပြည်အေးဓမ္မရိပ်သာကျောင်းဓမ္မာရုံ၊ အဖွဲ့(၂)မှ မှော်ဘီအမှတ်(၃)ရပ်ကွက် ရွာဦးဘုန်းတော်ကြီးသင်ပညာရေးကျောင်းဓမ္မာရုံ၊ အဖွဲ့(၃)မှ အမှတ်(၄)ရပ်ကွက် မိုးကုတ်ဝိပဿနာဝေပုလ္လဓမ္မရိပ်သာကျောင်းတိုက်ဓမ္မာရုံ၌ အသက်(၁၈)နှစ်ပြည့်ပြီးသူများနှင့် အသက်(၁၈)နှစ်ကျော်သူများအားလုံးတို့ကို မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲဥက္ကဋ္ဌ ဦးလှဦးနှင့် မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့အတွင်းရေးမှူး ဦးကျော်ဇောဦး၊ မြို့နယ်ဒုလဝကမှူး ဦးသန်းထွန်းအောင်၊ ဒုလဝကမှူး ဦးဆွေလှိုင်ဝင်းတို့က၂၀၂၅ ခုနှစ် ပါတီစုံဒီမိုကရေစီအထွေထွေ ရွေးကောက်ပွဲနှင့်ပတ်သက်၍ မဲဆန္ဒရှင်ပြည်သူများအနေဖြင့် မဲပေးကာလတွင် အခက်အခဲမရှိ မဲပေးနိုင်စေရန်ရည်ရွယ်လျက် ကွင်းဆင်းဆောင်ရွက်၍ (MEVM) မဲပေးစက်ဖြင့် လက်တွေ့အသုံးပြုပုံများကို အသိပညာပေးရှင်းလင်းပြောကြားခဲ့သည်။ ဆက်လက်၍ မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲမှ တာဝန်ရှိသူများက ရပ်ကွက်နေပြည်သူများအားလက်တွေ့(MEVM)စက်ဖြင့် စမ်းသပ်မဲပေးခြင်းလုပ်ငန်းများကိုဆောင်ရွက်ခဲ့ရာ မဲဆန္ဒရှင်ပြည်သူများက စိတ်ပါဝင်စားစွာဖြင့် စမ်းသပ်မဲပေးခြင်းများ ဆောင်ရွက်ခဲ့သည်။

အခမ်းအနားသို့ မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးပြည့်ဖြိုးမောင်နှင့် အဖွဲ့ဝင်များ၊ မြို့နယ်ရွေးကောက်ပွဲကော်မရှင် ဥက္ကဋ္ဌဦးလှဦးနှင့် အဖွဲ့ဝင်များ၊ မြို့နယ်(လဝက)အဖွဲ့မှတာဝန်ရှိသူများ၊ ရပ်/ကျေးအုပ်ချုပ်ရေးမှူးများ သက်ဆိုင်ရာတာဝန်ရှိသူများတက်ရောက်ကြပြီး မဲဆန္ဒရှင်ပြည်သူများနှင့်အတူ မြန်မာအီလက်ထရောနစ်မဲပေးစက်(MEVM)ဖြင့် လက်တွေ့သရုပ်ပြစမ်းသပ်မဲပေးခဲ့ကြကြောင်း သိရသည်။

 ဝင်းဇော်(ပြန်/ဆက်)