နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦး နေပြည်တော်၊ အဆောက်အဦများ ပြန်လည်ပြုပြင်အသုံးပြုရေးနှင့် အသစ်တည်ဆောက်ရေး ကြီးကြပ်မှုကော်မတီလုပ်ငန်းညှိနှိုင်းအစည်းအဝေးနှင့် နေပြည်တော်အတွင်း ပတ်ဝန်းကျင်စိမ်းလန်းစိုပြည်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေး တက်ရောက်

နေပြည်တော် စက်တင်ဘာ ၁၁

နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦးသည် စက်တင်ဘာလ ၉ ရက်နေ့ ညနေပိုင်းက ဇမ္ဗူသီရိမြို့နယ်၊ သုခသိဒ္ဓိရပ်ကွက်၊ အကွက်အမှတ်(၈-က)သို့သွားရောက်ပြီး (၆၀၀) စတုရန်းပေရှိသော (၄) ခန်းတွဲ၊ (၄) ထပ် အမှုထမ်းအိမ်ရာများ အသစ်ဆောက်လုပ်နေမှုအခြေအနေများကို လှည့်လည်ကြည့်ရှုစစ်ဆေးပြီး လုပ်ငန်းများအပိုင်းလိုက် အမြန်ပြီးစီးအောင်ဆောင်ရွက်ရေး၊ ငလျင်အပါအဝင် သဘာဝဘေးအန္တရာယ်ထိခိုက်မှုမရှိအောင် သတ်မှတ်စံချိန်၊ စံညွှန်းနှင့်အညီ ဆောင်ရွက်ရေးတို့ကို မှာကြားခဲ့သည်။

ထို့နောက် ယမန်နေ့နံနက်ပိုင်းတွင် နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦးသည် တာဝန်ရှိသူများနှင့်အတူ  နေပြည်တော် ရန်ကုန်-မန္တလေးအမြန်လမ်းမကြီးသို့သွားရောက်ပြီး လမ်းနယ်ပြင်ပတွင် ကြိုးဝိုင်းတော၊ ကြိုးပြင်ကာကွယ်တောများနှင့် မြေကွက်လပ်၊ မြေလွတ်/ မြေရိုင်းနေရာများတွင် ၅ ဧက၊ ၁၀ ဧကခန့်ရှိ သစ်တောငယ်များတည်ထောင်နိုင်ရေးအတွက် သစ်ပင်များစိုက်ပျိုးရန် လျာထားသတ်မှတ်ဆောင်ရွက်‌နေမှုအ‌ခြေအနေများကို ကြည့်ရှုစစ်ဆေးခဲ့သည်။

ယင်းနောက် နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦးသည် နေပြည်တော်စီပင်သာယာရေးကော်မတီ မင်္ဂလာခန်းမ၌ကျင်းပပြုလုပ်သော နေပြည်တော်၊ အဆောက်အဦများ ပြန်လည်ပြုပြင်အသုံးပြုရေးနှင့် အသစ်တည်ဆောက်ရေးကြီးကြပ်မှုကော်မတီ လုပ်ငန်းညှိနှိုင်းအစည်းအဝေးသို့ တက်ရောက်ခဲ့သည်။

ဦးစွာ နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦးက အဖွင့်အမှာစကားပြောကြားရာ အလှူရှင်ကုမ္ပဏီများ၊ ဆောက်လုပ်ရေးကုမ္ပဏီများအနေဖြင့် လုပ်ငန်းများကို အမြန်ဆုံး စတင်ဆောင်ရွက်ရန်လိုကြောင်း၊  ပွင့်လင်းရာသီရောက်တော့မည်ဖြစ်သည့်အတွက် ကုမ္ပဏီများအနေဖြင့် အင်တိုက်အားတိုက် အားထည့်ဆောင်ရွက်ရန်၊   နေပြည်တော်စည်ပင်သာယာရေးကော်မတီမှ Task Force အဖွဲ့ ဖွဲ့စည်းထားရှိပြီးဖြစ်ပြီး လုပ်ငန်းများကို ကြီးကြပ်ဆောင်ရွက်သွားမှာဖြစ်ပါကြောင်း၊ ကုမ္ပဏီများအနေဖြင့် ငလျင်ဒဏ်ပြန်လည်ထူထောင်ရေးအတွက် ယခုတည်ဆောက်မည့် ဝန်ထမ်းအိမ်ရာများသည် ကနဦးတည်ဆောက်မည့် အဆောက်အဦများဖြစ်၍ စံပြဖြစ်ရန်လိုကြောင်း၊ ဆက်လက်ဆောက်လုပ်မည့် အဆောက်အဦများကို စံနမူနာပြပြီး တည်ဆောက်ရန် ဆောင်ရွက်ကြရမှာဖြစ်သည့်အတွက် ဌာနဆိုင်ရာတာဝန်ရှိသူများ၊ အလှူရှင်ကုမ္ပဏီများနှင့် ဆောက်လုပ်ရေးကုမ္ပဏီများအနေဖြင့် ဝိုင်းဝန်းပူးပေါင်းဆောင်ရွက်သွားရမှာဖြစ်ကြောင်း၊ ဆောက်လုပ်ရေးစံနှုန်းအတိုင်း စနစ်တကျ အစ၊ အလယ်၊ အဆုံး စနစ်တကျဆောင်ရွက်သွားရန်လိုကြောင်း ပြောကြားသည်။

ထို့နောက် တက်ရောက်လာကြသူများမှ သက်ဆိုင်ရာကဏ္ဍများအလိုက် အသီးသီးဆွေးနွေးတင်ပြကြရာ နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦးက လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးခဲ့သည်။

ယင်းနောက် မွန်းလွဲပိုင်းတွင် နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦးသည် နေပြည်တော်ကောင်စီ၊ ဇမ္ဗူသီရိခန်းမ၌ ကျင်းပပြုလုပ်သည့်  နေပြည်တော်အတွင်း ပတ်ဝန်းကျင်စိမ်းလန်းစိုပြည်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးသို့ တက်ရောက်သည်။

ဦးစွာ နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦးက အဖွင့်အမှာစကားပြောကြားရာ  ရာသီဥတုဖောက်ပြန်ပြောင်းလဲမှုကြောင့် သဘာဝဘေးအန္တရာယ်ကျရောက်မှုများ လျော့နည်းလာစေရန်၊ သစ်တောသယံဇာတများ ရေရှည်တည်တံ့ပြီး သစ်တောဖုံးလွှမ်းမှုကောင်းမွန်စေရန်၊ ဂေဟစနစ်ထိန်းသိမ်းနိုင်ရန်၊ ရေဝေရေလဲဧရိယာများတွင် သစ်တောဖုံးလွှမ်းပြီး ရေစီးရေလာကောင်းမွန်စေရန်နှင့် သစ်တောထိန်းသိမ်းရေးလုပ်ငန်းများတွင် ပြည်သူများ တက်ကြွစွာ ပူးပေါင်းပါဝင်လာစေရေး စည်းရုံးဆောင်ရွက်သွားရန်၊  နေပြည်တော်ကောင်စီနယ်မြေသည် နိုင်ငံ၏အုပ်ချုပ်ရေး မြို့တော်ဖြစ်သည်နှင့်အညီ စိမ်းလန်းစိုပြည်သာယာလှပစေရေး၊ လူနေမှုအဆင့်အတန်းမြင့်မားစေရေး၊ သာယာလှပပြီး အဆင့်မီသည့် Green City၊ Clean City၊ Smart City ဖြစ်စေရေးကို ရည်မှန်းဆောင်ရွက်လျက်ရှိပါကြောင်း၊ ကျေးရွာအရွယ်အစားနှင့် မြေနေရာပေါ်မူတည်၍ ကျေးရွာတစ်ရွာလျှင် နေရာဒေသအလိုက် ထင်းစိုက်ခင်း အနည်းဆုံး (၂) ဧကစိုက်ပျိုးနိုင်‌ရေးဆောင်ရွက်ရန်၊ အလားတူ နိုင်ငံအဝန်းမြို့ပြများနှင့် ရပ်ရွာဒေသအသီးသီးမှာ စိမ်းလန်းစိုပြည်သာယာစေရေးအတွက် လမ်းဘေးဝဲယာ သစ်ပင်၊ သစ်တောများ၊ စိမ်းလန်းမြေများ (Green Spaces)၊ ဥယျာဉ်များ၊ ပန်းခြံများ၊ မြို့ပြသစ်တောများ၊ တစ်အုပ်တစ်မစိုက်ခင်းများနှင့် စိမ်းလန်းစိုပြည်သည့် Landscape များကို ပိုမိုတိုးမြှင့်တည်ထောင်သွားကြရမှာဖြစ်ကြောင်း ပြောကြားခဲ့သည်။

ထို့နောက် တက်ရောက်လာကြသူများမှ သက်ဆိုင်ရာကဏ္ဍများအလိုက် အသီးသီးဆွေးနွေးတင်ပြကြရာ နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦးက လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးခဲ့‌ကြောင်း သိရသည်။

အောင်မျိုးဝင်း(ဥတ္တရ)