မုဒုံ စက်တင်ဘာ ၁၁
မွန်ပြည်နယ် မုဒုံမြို့နယ်တွင် စာဖတ်ရှိန်မြှင့်တင်ရေးအသိပညာပေးခြင်း၊ စားသုံးသူကာကွယ်ရေး အသိပညာပေးဟောပြောပွဲ၊ သဘာဝဘေးအန္တရာယ်ဆိုင်ရာ အသိပညာပေးခြင်းနှင့် နံရံကပ်ပိုစတာ၊ စာအုပ်စာစောင်ပြပွဲကို စက်တင်ဘာ ၈ ရက်နေ့က အ.မ.က (ကျောက်တလုံး) ကျောင်း၌ ပြုလုပ်သည်။
ဦးစွာ ကျောင်းအုပ်ဆရာမကြီး ဒေါ်ရီရီမွန်က အမှာစကားပြောကြားပြီး မုဒုံမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်မိုးမိုးစန္ဒါထွန်းက ကျောင်းသား/သူများ အသိပညာဗဟုသုတများ ပြည့်စုံစေရန်နှင့် စာဖတ်ရှိန်မြင့်မားစေရေးအတွက် ကျောင်းစာအပြင် ပြင်ပစာပေများဖြစ်သည့် ရုပ်ပြ၊ ကာတွန်း စသည့်စာအုပ်စာစောင်များကို လေ့လာဖတ်ရှုကြရန်နှင့် အကျိုးအကြောင်း၊ အဆိုးအကောင်းများကို ဝေဖန်ပိုင်းခြားနိုင်ရေးအတွက် စာပေများ ဖတ်ရှုလေ့လာကြရန် ပြောကြားသည်။ ထို့နောက် စားသုံးသူကာကွယ်ရေးအကြောင်းအရာများ၊ ကလေးအလုပ်သမားပပျောက်ရေး အသိပညာပေးခြင်းနှင့် လူကုန်ကူးမှုအန္တရာယ်အကြောင်းအရာများကို ရှင်းလင်းပြောကြားခဲ့သည်။
ထို့နောက် စာဖတ်ရှိန်မြင့်မားစေရေးအတွက် စာဖတ်စွမ်းရည်ပြိုင်ပွဲများနှင့် စာအုပ်စာစောင်များ၊ အသိပညာပေးနံရံကပ်ပိုစတာများ ပြသဆောင်ရွက်ပေးခဲ့ပြီး ကျောင်းသား/သူများက စိတ်ပါဝင်စားစွာ လေ့လာဖတ်ရှုခဲ့ကြောင်း သိရသည်။
ရာမည (ပြန်/ဆက်)