ကျောက်ပန်းတောင်းမြို့၌ တိုင်းရင်းဆေးဖြင့်  ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများဆောင်ရွက်

ကျောက်ပန်းတောင်း စက်တင်ဘာ  ၁၁

မန္တလေးတိုင်းဒေသကြီး ကျောက်ပန်းတောင်းမြို့နယ် တိုင်းရင်းဆေးပညာဦးစီးဌာန ခရိုင်တိုင်းရင်းဆေးကုဌာနနှင့် စားသုံးသူရေးရာဦးစီးဌာန၊ ပြန်ကြားရေးနှင့်ပြည်သူ့ ဆက်ဆံရေးဦးစီးဌာနတို့ ပူးပေါင်း၍ အသိပညာပေးဟောပြောခြင်းနှင့် တိုင်းရင်းဆေးဖြင့် ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများ ဆောင်ရွက်ခြင်းကို၊ စက်တင်ဘာ(၁၁)ရက် နံနက်(၉)နာရီက စံပြရပ်ကွက်ရှိ အခြေခံပညာမူလတန်းလွန်ကျောင်းတွင် ပြုလုပ်သည်။

ဦးစွာ တိုင်းရင်းဆေးပညာဦးစီးဌာန၊ ခရိုင်တိုင်းရင်းဆေးမှူး ဒေါ်သင်းသင်းဦးက မိုးရာသီတွင် ဖြစ်ပွား တတ်သော ရောဂါများအကြောင်းနှင့် ကြိုတင်ကာကွယ်ကုသရမည့် နည်းလမ်းများ၊ အာဟာရပြည့်ဝသည့် ဓာတ်စာများစားသုံး၍ ကျန်းမာရေးနှင့်ညီညွတ်အောင်နေထိုင်ရမည့် နည်းလမ်းများအကြောင်းကို လည်းကောင်း၊ စားသုံးသူရေးရာဦးစီးဌာနမှ မြို့နယ်တာဝန်ခံ ဒေါ်မြသန္တာထွန်းက ဓာတုပစ္စည်းများ ပါဝင်သည့် စားသုံးရန်မသင့်သော စားသောက်ကုန်များအကြောင်းနှင့် စားသုံးသူအခွင့်အရေးများ အကြောင်း၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဒေါ်မေသက်နွယ်က ကလေးအလုပ်သမားပပျောက်ရေးနှင့် စာဖတ်ရှိန်မြှင့်တင်ရေးအကြောင်း အသိပညာပေး ဟောပြောကြပြီး ခရိုင်တိုင်းရင်းဆေးမှူး နှင့် ဝန်ထမ်းများက ဆရာ/ဆရာမများနှင့် ကျောင်းသား/ကျောင်းသူ (၄၀၀)ကျော်တို့အား  တိုင်းရင်းဆေးဖြင့် ကျန်းမာရေး စောင့်ရှောက်မှု လုပ်ငန်းများ ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

နေအောင်(ပြန်/ဆက်)