တောင်ကြီး စက်တင်ဘာ ၁၁
ရှမ်းပြည်နယ်လူမှုရေးရာဝန်ကြီး ဦးမင်းမင်းလွင်၊ ပြည်နယ်တိုင်းရင်းသားရေးရာဝန်ကြီး ဦးအောင်ကြည်ဝင်း၊ ပြည်နယ်ဥပဒေချုပ် ဦးစိုင်းကျော်ဇံနှင့် တာဝန်ရှိသူများသည် ယမန်နေ့ နံနက် ၉ နာရီက အေးသာယာမြို့ ရှမ်းပြည်နယ်တိုင်းရင်းသားရေးရာနှင့် သက်မွေးပညာသင်တန်းစင်တာ၊ ကလောမြို့နယ်အတွင်းရှိ ပြည်သူ့ဆေးရုံ၊ တိုက်နယ်ဆေးရုံနှင့် အခြေခံပညာအထက်တန်းကျောင်းတို့တွင် ကျန်းမာရေး၊ ပညာရေးကဏ္ဍများ ဖွံ့ဖြိုးတိုးတက်ရေးအတွက် ကွင်းဆင်းကြည့်ရှုစစ်ဆေးသည်။
ဦးစွာ ပြည်နယ်ဝန်ကြီးများ၊ ပြည်နယ်ဥပဒေချုပ်နှင့် တာဝန်ရှိသူများသည် ၂၀၂၅ ခုနှစ် (၂၆)ကြိမ်မြောက် မြန်မာ့ရိုးရာဆို၊ က၊ ရေး၊ တီးပြိုင်ပွဲတွင် ရှမ်းပြည်နယ်ကိုယ်စားပြု ဝင်ရောက်ယှဉ်ပြိုင်မည့် ပြိုင်ပွဲဝင်အဖွဲ့ စခန်းသွင်းလေ့ကျင့်ရန်အတွက် ရှမ်းပြည်နယ်တိုင်းရင်းသားရေးရာနှင့်သက်မွေးပညာသင်တန်းစင်တာသို့ သွားရောက်ကြည့်ရှုပြီး လိုအပ်သည်များ မှာကြားသည်။
ဆက်လက်၍ ပြည်နယ်ဝန်ကြီးလူမှုရေးရာဝန်ကြီးနှင့် ပြည်နယ်ဥပဒေချုပ်တို့သည် ကလောမြို့ ပြည်သူ့ဆေးရုံအစည်းအဝေးခန်းမ၌ ကျန်းမာရေးဝန်ထမ်းများနှင့်တွေ့ဆုံ၍ ကုသရေးလုပ်ငန်းများအပြင် ကာကွယ်ဆေးထိုးလုပ်ငန်းများ၊ ရောဂါနှိမ်နင်းရေးလုပ်ငန်းများ စသည့် ပြည်သူ့ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများနှင့် အစားအသောက်နှင့်ဆေးဝါးကွပ်ကဲရေးဦးစီးဌာနလုပ်ငန်းများကိုလည်း သွက်လက်လျင်မြန်စွာဖြင့် ဆောင်ရွက်ပေးရမည်ဖြစ်ကြောင်း၊ နိုင်ငံတော်အစိုးရကဘဏ္ဍာငွေများ အလုံအလောက်ချထားပေးပြီး ဝန်ကြီးဌာနကလိုအပ်သည့် ဆေးနှင့်ဆေးပစ္စည်းများကို ထောက်ပံ့ပေးထားပြီးဖြစ်၍ ပြည်သူ့ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများတွင် အကျိုးရှိရှိ စနစ်တကျသုံးစွဲရန် မှာကြားသည်။
ထို့နောက် ကလောမြို့ပြည်သူ့ဆေးရုံ ယာယီဆေးရုံအုပ် ဒေါက်တာ အောင်မျိုးထွန်းက ကုသရေးလုပ်ငန်းဆောင်ရွက်မှုအခြေအနေများကို တင်ပြပြီး မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူး ဒေါက်တာ ခိုင်စုစုညိမ်းက လိုအပ်ချက်များကို ရှင်းလင်းတင်ပြရာ ပြည်နယ်ဝန်ကြီးက ပေါင်းစပ်ညှိနှိုင်း ဖြည့်ဆည်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
ထိုမှတဆင့် ပြည်နယ်ဝန်ကြီးနှင့်အဖွဲ့သည် ကလောမြို့၊ အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်း၌ ကျောင်းအားကစားကွင်းပွဲကြည့်စင်တည်ဆောက်ရေး ပြင်ဆင်ဆောင်ရွက်နေမှုအခြေအနေများကို ကြည့်ရှုစစ်ဆေးပြီး အေးချမ်းပျော်ရွှင်စွာ ပညာသင်ကြားလျက်ရှိသည့် ကျောင်းသား၊ ကျောင်းသူများအား လှည့်လည်ကြည့်ရှုခဲ့ပြီး ၂၀၂၄ - ၂၀၂၅ ဘဏ္ဍာနှစ်တွင် တည်ဆောက်ထားသည့် ကလောခရိုင်ပညာရေးမှူးရုံး၊ အလျား ၁၀၀ ပေ၊ အနံ ၃၀ ပေ၊ RC ၂ ထပ် တည်ဆောက်ပြီးစီးမှုအခြေအနေများကို လှည့်လည်ကြည့်ရှုစစ်ဆေး၍ အဆောက်အဦကို သတ်မှတ်စံချိန်စံညွှန်း အရည်အသွေးပြည့်မီအောင် ဆောင်ရွက်ရန်နှင့် သတ်မှတ်ကာလအတွင်း ပြီးစီးအောင်ဆောင်ရွက်ရန် တာဝန်ရှိသူများ အားမှာကြားခဲ့သည်။
ယင်းနောက် ပြည်နယ်ဝန်ကြီးနှင့်အဖွဲ့သည် အောင်ပန်းမြို့၊ တိုက်နယ်ဆေးရုံသို့ရောက်ရှိပြီး ဆေးကုသမှုခံယူနေသည့် ပြည်သူများကို တွေ့ဆုံအားပေးစကားပြောကြား၍ တိုက်နယ်ဆေးရုံးအတွင်း လှည့်လည်ကြည့်ရှုပြီး ကျန်းမာရေးဝန်ထမ်းများနှင့်တွေ့ဆုံရာ တိုက်နယ်ဆရာဝန် ဒေါက်တာ စိန်လွင်ထွန်းက ကျန်းမာရေးစောင့်ရှောက်ပေးနေမှုအခြေအနေများအား ရှင်းလင်းတင်ပြပြီး တင်ပြချက်များအပေါ် ပြည်နယ်လူမှုရေးရာဝန်ကြီးက လိုအပ်သည်များ ပေါင်းစပ်ဖြည့်ဆည်း ဆောင်ရွက်ပေးခဲ့သည်။
ထိုမှတစ်ဆင့် အောင်ပန်းမြို့၊ အမှတ်(၃)အခြေခံပညာအထက်တန်းကျောင်းနှင့် ဟဲဟိုးမြို့၊ အင်းခေါင်းကျေးရွာ၊ အမှတ်(၇)အခြေခံပညာအထက်တန်းကျောင်းများသို့သွားရောက်၍ ကျောင်းဝန်းအတွင်း ဆောင်ရွက်ထားရှိမှုအခြေအနေများ လှည့်လည်ကြည့်ရှုပြီး ကျောင်းအုပ်ကြီးများ၊ သင်ကြားရေးဆရာမများနှင့်တွေ့ဆုံ၍ ပညာရေးကဏ္ဍဖွံ့ဖြိုးတိုးတက်စေရေး၊ တက္ကသိုလ်ဝင်တန်းအောင်ချက်မြင့်မားရေး၊ စိတ်ဓာတ်၊ စည်းကမ်း၊ ပညာကောင်းမွန်ပြီး နိုင်ငံအတွက်အားကိုးအားထားရမည့် မျိုးဆက်သစ်လူငယ်များပေါ်ထွန်းလာစေရေးအတွက် KG မှ Grade -12 အထိ စနစ်တကျသင်ကြားပေးစေလိုကြောင်း မှာကြားခဲ့သည်။
ထို့နောက်ပြည်နယ်ဝန်ကြီးနှင့်အဖွဲ့သည် ကလောမြို့နယ်၊ ဟဲဟိုးတိုက်နယ်ပြည်သူ့ဆေးရုံသို့ ရောက်ရှိခဲ့ပြီး တိုက်နယ်ဆေးရုံအတွင်း ဆေးကုသမှုခံယူနေသည့် လူနာများအား လှည့်လည်ကြည့်ရှု၍ အားပေးစကားပြောကြားခဲ့ပြီး ကျန်းမာရေးဝန်ထမ်းများနှင့်တွေ့ဆုံ၍ ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများဆောင်ရွက်ရာတွင် ပြည်သူများအားကိုး၊ အားထားရသည့် တိုက်နယ်ဆေးရုံဖြစ်စေရေးအတွက် ကုသရေးလုပ်ငန်းများတွင် ဝန်ထမ်းများ စည်းစည်းလုံးလုံး၊ ညီညီညွတ်ညွတ်ဖြင့် ပူးပေါင်းဆောင်ရွက်ပေးကြရန် မှာကြားသည်။
ထိုမှတဆင့် ပြည်နယ်ဝန်ကြီးနှင့်အဖွဲ့သည် တောင်ကြီးမြို့နယ်၊ ရွှေညောင်တိုက်နယ်ဆေးရုံသို့ရောက်ရှိရာ တိုက်နယ်ဆေးရုံအတွင်း ဆေးကုသမှုခံယူနေသည့် လူနာများအား လှည့်လည်ကြည့်ရှု၍ အားပေးစကားပြောကြားခဲ့ပြီး ကမ္ဘောဇ Group မှ လှူဒါန်းပြုပြင်ပေးခဲ့သော ဓာတ်မှန်ခန်း၊ ခွဲစိတ်ခန်းနှင့် ကမ္ဘောဇ Group မှ ဆောက်လုပ်လှူဒါန်းမည့် အဆောက်အဦပုံစံအား တိုက်နယ်ဆရာဝန်က ရှင်းလင်းတင်ပြရာ တင်ပြချက်များနှင့်စပ်လျဉ်း၍ ပြည်နယ်ဝန်ကြီးက လုပ်ငန်းများအရည်အသွေးပြည့်မီရေးနှင့် အချိန်မီပြီးစီးရေး၊ လုပ်ငန်းခွင်အန္တရာယ်ကင်းရှင်းရေး စနစ်တကျဆောင်ရွက်သွားရန် မှာကြားသည်။ ဆက်လက်၍ တိုက်နယ်ဆရာဝန်၊ သူနာပြုများ၊ ဆေးရုံဝန်ထမ်းများနှင့်တွေ့ဆုံ၍ ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများဆောင်ရွက်ရာတွင် ပြည်သူများအားကိုး၊ အားထားရသည့် တိုက်နယ်ဆေးရုံဖြစ်စေရေးအတွက် ကုသရေးလုပ်ငန်းများတွင် ပူးပေါင်းဆောင်ရွက်ပေးကြရန် မှာကြားခဲ့ကြောင်း သိရသည်။
ကျော်ဇင်(ပြည်နယ်၊ပြန်/ဆက်)