မင်္ဂလာဒုံ စက်တင်ဘာ ၁၁
ရန်ကုန်တိုင်းဒေသကြီး၊ မင်္ဂလာဒုံခရိုင်၊ မင်္ဂလာဒုံမြို့နယ်တွင် ကုန်လမ်းပို့ဆောင်ရေးညွှန်ကြားမှူးဦးစီးဌာန၏ ယဉ်အန္တရာယ်၊ လမ်းအန္တရာယ်ကင်းရှင်းရေး (Road Safety)ဟူသည့် ရည်မှန်းချက်အတိုင်း လမ်းအသုံးပြုသူတိုင်း ယာဉ်အန္တရာယ်ကင်းရှင်းစေရေး ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်းကို မလွဲမသွေလိုက်နာနိုင်ရန်ရည်ရွယ်၍ အင်းစိန်ခရိုင်ရုံးမှ ဦးစီးအရာရှိ ဦးသိန်းအေးထွန်းနှင့် တိုင်းဒေသကြီး(ရုံးခွဲ)မှ စစ်ဆေးရေးမှူး(၃) ဦးထက်မြတ်အောင်တို့သည် ယာဉ်အန္တရာယ်၊ လမ်းအန္တရာယ်ကင်းရှင်းရေးနှင့်ပတ်သက်၍ အသိပညာပေးဟောပြောပွဲကို ယနေ့ နံနက် ၁၀ နာရီက အမှတ်(၃) အခြေခံပညာအထက်တန်းကျောင်းရှိ ခန်းမ၌ ကျင်းပသည်။
ဟောပြောပွဲတွင် ကုန်လမ်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာန အင်းစိန်ခရိုင်ရုံးမှ ဦးစီးအရာရှိ ဦးသိန်းအေးထွန်းက ယာဉ်အန္တရာယ်၊ လမ်းအန္တရာယ်ဆိုင်ရာ သိကောင်းစရာများနှင့်ပတ်သက်၍ ဆောင်ရန်/ရှောင်ရန်အချက်များကိုလည်းကောင်း၊ တိုင်းဒေသကြီး(ရုံးခွဲ)မှ စစ်ဆေးရေးမှူး(၃) ဦးထက်မြတ်အောင်က ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်းဆိုင်ရာထုတ်ပြန်ထားသောဥပဒေများနှင့် သတိပြုလိုက်နာရမည့်အချက်အလက်များကိုလည်းကောင်း Power Point ဖြင့် Video Click ပြသကာ အကျယ်တဝင့် ရှင်းလင်းဟောပြောပေးသည်။
ဆက်လက်၍ အခမ်းအနားသို့တက်ရောက်သောကျောင်းအုပ်ကြီးနှင့် ဆရာ/ဆရာမများ၊ ကျောင်းသား/ကျောင်းသူ(၃၀၀)ဦးတို့အား ကုန်လမ်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာန အင်းစိန်ခရိုင်ရုံးမှ ဦးစီးအရာရှိ ဦးသိန်းအေးထွန်းနှင့် ဝန်ထမ်းများက ယာဉ်အန္တရာယ်၊ လမ်းအန္တရာယ်ကင်းရှင်းရေး အသိပညာပေးလက်ကမ်းစာစောင်များကိုဖြန့်ဝေပေးခဲ့ကြပြီး ယာဉ်အန္တရာယ်၊ လမ်းအန္တရာယ်ကင်းရှင်းရေး အသိပညာပေးနံရံကပ်စာစောင်များပြသရာ ကျောင်းသား၊ ကျောင်းသူများက စိတ်ဝင်တစားလေ့လာကြည့်ရှုကြကြောင်း သိရသည်။
မင်းသိန်းထွန်း