လှည်းကူး စက်တင်ဘာ ၁၁
ရန်ကုန်တိုင်းဒေသကြီး၊ လှည်းကူးခရိုင်၊ လှည်းကူးမြို့နယ်တွင် ကျောင်းကျန်းမာရေးလှုပ်ရှားမှုအဖြစ် မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီနှင့် သွားဘက်ဆိုင်ရာ ဆရာဝန်၊ မြို့နယ်ကျောင်းကျန်းမာရေးဌာနမှ THN တို့ ဦးဆောင်၍ ကျန်းမာရေးဝန်ထမ်းများက စက်တင်ဘာ ၉ ရက်နေ့ နံနက်ပိုင်းက အခြေခံပညာအလယ်တန်းကျောင်း(လေ့ကျင့်ရေး)၌ ကွင်းဆင်းဆောင်ရွက်ခဲ့သည်။
ထိုသို့ ကွင်းဆင်း၍ ကျောင်းကျန်းမာရေးလုပ်ငန်းများ ဆောင်ရွက်ပေးရာတွင် မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဝင် ဦးခင်ဇော် မြို့နယ်ကုသရေးဌာနမှ သွားဘက်ဆိုင်ရာ ဆရာဝန် ဒေါက်တာတင်နိုင်နှင့် ကျောင်းကျန်းမာရေးအဖွဲ့မှ ကျန်းမာရေးမှူး ဒေါ်ကြည်ကြည်လွင်နှင့် အဖွဲ့သည် ကျောင်းသား/သူများအား သွားနှင့် ခံတွင်းစစ်ဆေးခြင်း၊ အထွေထွေကျန်းမာရေးစစ်ဆေးပေးခြင်း၊ စနစ်တကျသွားတိုက်နည်းကို သရုပ်ပြလေ့ကျင့်သင်ကြားပေးခြင်း၊ သန့်လေးသန့်၊ ဝမ်းပျက်ဝမ်းလျှောရောဂါ၊ ဆေးလိပ်သောက်ခြင်းအန္တရာယ်အကြောင်း၊ သွားနှင့် ခံတွင်း၊ သွေးလွန်တုပ်ကွေးရောဂါနှင့် အကြောင်းတို့ကို ကျန်းမာရေးအသိပညာပေးဟောပြောခြင်းများ ဆောင်ရွက်ခဲ့ပြီး ကျောင်းသား/ သူ (၁၂၉) ဦးအား သွားကျန်းမာရေးစောင့်ရှောက်မှုပေးခြင်း၊ (၇၂) ဦးအား သွားပိုးပေါက်ဖာခြင်း၊ (၃၉)ဦးအား သွားနှုတ်ပေးခဲ့ကြောင်း သိရှိရသည်။
အေးအေးနွဲ့