တိုက်ကြီးမြို့နယ်၌ မြန်မာအီလက်ထရောနစ်မဲပေးစက် (MEVM) အသုံးပြုခြင်းဆိုင်ရာ အသိပညာပေးခြင်းနှင့် လက်တွေ့စမ်းသပ်မဲပေးခြင်းများ ဆက်လက်ဆောင်ရွက်

တိုက်ကြီး စက်တင်ဘာ ၁၀

ရန်ကုန်တိုင်းဒေသကြီး၊ တိုက်ကြီးမြို့နယ်၌ ၂၀၂၅ ခုနှစ် ပါတီစုံဒီမိုကရေစီအထွေထွေ ရွေးကောက်ပွဲတွင် မဲဆန္ဒရှင်ပြည်သူများ မြန်မာအီလက်ထရောနစ်မဲပေးစက် (MEVM) ကို အသုံးပြု၍ ဆန္ဒမဲပေးနိုင်စေရေး ရည်ရွယ်ကာ ကျေးရွာပြည်သူများထံအရောက် မဲပေးစက်ဆိုင်ရာ အသိပညာပေးခြင်းနှင့် လက်တွေ့စမ်းသပ်မဲပေးခြင်းများကို ယနေ့နံနက်ပိုင်းက မြေတိုင်ကျေးရွာ၊ ကလော့သော့ကျေးရွာ၊ ကံကလေးအေကျေးရွာ၊ တော်ခရမ်းကျေးရွာ၊ လက်ပြန်ဒိုးကျေးရွာ၊ အောက်ရေကံကုန်းကျေးရွာ၊ ကျုံတကင်းကျေးရွာ၊ အင်းတရာကျေးရွာများသို့ အဖွဲ့ ၄ ဖွဲ့ခွဲ၍ တစ်ပြိုင်တည်း ဆောင်ရွက်သည်။

ဦးစွာ မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဌ ဦးခင်မောင်စိုးနှင့် အဖွဲ့ဝင်များ၊ မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲအတွင်းရေးမှူး ဒေါ်စုမွန်အောင်နှင့် အဖွဲ့ဝင်များ၊ တာဝန်ကျဌာနဆိုင်ရာများက မဲရုံတစ်ရုံတွင် ဆန္ဒပြုစက်၊ ထိန်းချုပ်စက်၊ မဲပေးချက် ဖော်ပြသည့်စက် အစရှိသည့် မဲပေးစက်အကြောင်းသိကောင်းစရာများ၊ စာရွက်ကိုအသုံးပြု၍ ဆန္ဒမဲပေးခြင်းထက် မဲပေးစက်ကိုအသုံးပြု၍ ဆန္ဒမဲပေးခြင်းဖြင့် ရရှိနိုင်သော အကျိုးကျေးဇူးများကို အသိပညာပေး ဟောပြောခဲ့သည်။

ထို့နောက် တက်ရောက်လာသည့် ပြည်သူများအား မြန်မာအီလက်ထရောနစ်မဲပေးစက် (MEVM) ကိုအသုံးပြု၍ လက်တွေ့ဆန္ဒမဲပေးခြင်းများကို ကိုယ်တိုင်ဆောင်ရွက်စေခဲ့ပြီး မဲပေးစက်မှရလဒ်ကို ပွင့်လင်းမြင်သာစွာ ပြသဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ဝတ်ရည် (ပြန်/ဆက်)