မန္တလေး စက်တင်ဘာ ၁၀
၂၀၂၅ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲတွင် မဟာအောင်မြေခရိုင်အတွင်း (၄)ဘာသာဂုဏ်ထူးဖြင့် အောင်မြင်သူများအား ဂုဏ်ပြုဆုချီးမြှင့်ခြင်းအခမ်းအနားကို စက်တင်ဘာ ၁၀ ရက် နံနက် ၉ နာရီက မန္တလေးမဟာအောင်မြေမြို့နယ် အမှတ်(၁၄) အခြေခံပညာ အထက်တန်းကျောင်း ပန်းမျိုးတစ်ရာခန်းမတွင် ကျင်းပသည်။
အခမ်းအနားတွင် အထက-၁၄ ကျောင်းသား၊ ကျောင်းသူများက "ဘက်စုံပညာကိုရည် ဒို့လှမ်းချီ" သီချင်းဖြင့် အခမ်းအနားဖွင့်လှစ်ခဲ့ပြီး ခရိုင်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးတင်ဝင်းရွှေက ဂုဏ်ပြုအမှာစကားပြောကြားသည်။ ထို့နောက် ခရိုင်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌနှင့်တာဝန်ရှိသူများ၊ ခရိုင်ပညာရေးမှူးနှင့် မြို့နယ်ပညာရေးမှူးများက ၂၀၂၅ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲတွင် (၄)ဘာသာဂုဏ်ထူးဖြင့်အောင်မြင်ခဲ့သော ကျောင်းသား၊ ကျောင်းသူ ၁၆၆ ဦးအား ဂုဏ်ပြုဆုများချီးမြှင့်ပေးအပ်ကာ ကျောင်းသား၊ ကျောင်းသူများမှ တေးသရုပ်ဖော်၊ အက၊ အလှများဖြင့် ဖျော်ဖြေတင်ဆက်ကြသည်။
အစီအစဉ်အရ ခရိုင်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးတင်ဝင်းရွှေနှင့် ကော်မတီဝင်များ၊ မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌများ၊ ခရိုင်အဆင့်ဌာနဆိုင်ရာများ၊ ခရိုင်ပညာရေးမှူး ဒေါက်တာသက်လှစု၊ မြို့နယ်ပညာရေးမှူးများ၊ ကျောင်းအုပ်ကြီးများနှင့် ဆရာ၊ ဆရာမများ၊ ဂုဏ်ထူးရှင် ကျောင်းသား၊ ကျောင်းသူများနှင့် ၎င်းတို့၏ မိဘများ၊ စုစုပေါင်း ၃၀၀ ခန့် တက်ရောက်ကြသည်။
မြင့်မော်ထွန်း(အောင်စံ၊ပြန်/ဆက်)