ကျောက်ဖြူမြို့၌ ၂၀၂၅ -၂၀၂၆ ခုနှစ်၊ အခြေခံပညာကျောင်းပေါင်းစုံ အားကစားပြိုင်ပွဲ ဆုချီးမြှင့်

ကျောက်ဖြူ        စက်တင်ဘာ   ၁၀

ရခိုင်ပြည်နယ် ကျောက်ဖြူမြို့၌ ၂၀၅ -၂၀၂၆ ခုနှစ် အခြေခံပညာကျောင်းပေါင်းစုံ အားကစားပြိုင်ပွဲ ဆုပေးပွဲအခမ်းအနားကို ယမန်နေ့ မွန်းလွဲပိုင်းက မြို့မအားကစားဘောလုံးကွင်းကြီးတွင် ကျင်းပသည်။

ဦးစွာ ဌာနဆိုင်ရာဘောလုံးအသင်းနှင့် မြို့ပေါ်အားကစားဝါသနာရှင်လူငယ်ဘောလုံးအသင်းတို့ ချစ်ကြည်ရေးခြေစမ်းပွဲ ကစားကြသည်။ ထို့နောက် ကျောင်းပေါင်းစုံ(အမျိုးသား)ဘောလုံးပြိုင်ပွဲ ဗိုလ်လုပွဲသို့ ကြည့်ရှုရန်လာရောက်ကြသည့် အားကစားဝါသနာရှင်ပြည်သူများနှင့် ကျောင်းသား/ကျောင်းသူများကို  ဆရာ/ဆရာမများမှ မြူးမြူးကြွကြွ အားကစားတေးသီချင်းများ၊ ရခိုင်တေးသီချင်း များဖြင့် သီဆိုဖျော်ဖြေတင်ဆက်ပေးခဲ့သည်။ ဆက်လက်၍ အခြေခံပညာကျောင်းပေါင်းစုံ (အမျိုးသား) ဘောလုံးပြိုင်ပွဲ ဗိုလ်လုပွဲကိုဆက်လက်ကျင်းပရာ အထက-(၁)ဘောလုံးအသင်းနှင့် အထက(၃)ဘောလုံးအသင်းတို့ အကြိတ်အနယ်ယှဉ်ပြိုင်ကစားခဲ့ကြပြီး အထက-(၁)ဘောလုံးအသင်းမှ အထက(၃)ဘောလုံး အသင်းကို နှစ်ဂိုး - တစ်ဂိုးဖြင့် အနိုင်ရဗိုလ်စွဲသည်။ ယင်းနောက် ပြေးခုန်ပစ်ပြိုင်ပွဲတွင် ဆုရရှိခဲ့ကြသူများ၊ ပိုက်ကျော်ခြင်းပြိုင်ပွဲနှင့် ဘောလီဘောပြိုင်ပွဲတို့၌ ဆုရရှိခဲ့ကြသည့်သူများကို ဆုများပေးအပ်ချီးမြှင့်သည်။ ဆက်လက်၍ အမျိုးသားဘောလုံးပြိုင်ပွဲနှင့် အမျိုးသမီးဘောလုံးပြိုင်ပွဲတို့တွင် ပထမ၊ ဒုတိယဆုရရှိသည့်အသင်းများအား ခရိုင်/မြို့နယ် စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များမှ  ဆုတံဆိပ်၊ ငွေသားဆုနှင့် တံခွန်စိုက်ဒိုင်းဆုများအား ပေးအပ်ချီးမြှင့်ခဲ့ကြသည်။

အဆိုပါ အခြေခံပညာကျောင်းပေါင်းစုံ အားကစားပြိုင်ပွဲကို စက်တင်ဘာ၁ရက်မှ ၉ ရက်အထိ (၉)ရက်တာကျင်းပခဲ့ကြောင်း ခရိုင်အားကစားနှင့် ကာယပညာဦးစီးဌာနမှ တာဝန်ရှိသူတစ်ဦးထံမှ သိရှိရသည်။

တင်ထွန်းဦး(ပြန်/ဆက်)