ညောင်ဦး စက်တင်ဘာ ၁၀
မန္တလေးတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမျိုးအောင်သည် တာဝန်ရှိသူများလိုက်ပါပြီး ယနေ့နံနက်ပိုင်းက ခရိုင်အတွင်းဒေသဖွံ့ဖြိုးရေးလုပ်ငန်းများကို ကွင်းဆင်းစစ်ဆေးသည်။ ထိုသို့ ကွင်းဆင်းရာတွင် ညောင်ဦးမြို့နယ်ရှိ အဆောက်အဦဦးစီးဌာန အဆောက်အဦအထူးအဖွဲ့(၇)မှ တာဝန်ယူဆောက်ရွက်ခဲ့သည့် ဘက်စုံသုံးမြို့နယ်ခန်းမတည်ဆောက်ခြင်းလုပ်ငန်းများ လွှဲပြောင်းအပ်နှံခြင်း အခမ်းအနားသို့ တက်ရောက် သည်။
အခမ်းအနားတွင် တိုင်းဒေသကြီးဝန်ကြီးချုပ်က ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ၊ အဓိကသီးနှံများ ပန်းတိုင်အထွက်နှုန်းရရှိရေးနှင့် MSMEလုပ်ငန်းများ ပိုမိုဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများကို အစဉ်တစိုက်ကြိုးပမ်းဆောင်ရွက်နေပါကြောင်း၊ ယခုတည်ဆောက်ပြီးစီးသည်ဘက်စုံသုံး ခန်းမမှာ အဆောက်အဦရေရှည်တည်တံ့ခိုင်မြဲရေးနှင့် ပျက်စီးမှုများမရှိစေရေး အားလုံးဝိုင်းဝန်း ထိန်းသိမ်းဆောင်ရွက် သွားကြရမည်ဖြစ်ပါကြောင်း ပြောကြားခဲ့သည်။ ၎င်းနောက် အဆောက်အဦဦးစီးဌာန၊ အဆောက်အဦအထူးအဖွဲ့(၇) ဦးစီးအရာရှိ ဒေါ်တင်တင်အေးက တိုင်းဒေသကြီးစည်းပင်သာယာရေးအဖွဲ့ ညွှန်ကြားရေးမှူး ဦးမင်းအောင်မြင့်စိုးထံသို့ ဘက်စုံသုံးမြို့နယ်ခန်းမနှင့်ပတ်သက်သည့် စာရွက်စာတမ်းများကို လွှဲပြောင်းပေးအပ်သည်။ ဆက်လက်၍ တိုင်းဒေသကြီးဝန်ကြီးချုပ်သည် မြို့နယ်ခန်းမအဆောက်အဦသစ်ကို ကြည့်ရှုစစ်ဆေးသည်။
ထို့နောက် တိုင်းဒေသကြီးဝန်ကြီးချုပ်သည် ညောင်ဦးမြို့နယ် မင်းနန်သူကျေးရွာရှိ ပုဂံနန်းမြင့် မျှော်စင်သို့ ပြည်တွင်းပြည်ပခရီးသွားများ ဝင်ရောက်မှုအခြေအနေနှင့် ပုဂံမြို့ဟောင်းရှိ မဟာရာဇသိရီအနိရုဒ္ဓဒေဝအနော်ရထာမင်းကြီး၏ သိရီဇေယျဘူမိပုဂံရွှေနန်းတော်သို့ လှည့်လည်ကြည့်ရှုသည်။
ပုဂံနန်းမြင့်မျှော်စင်သည် ၁၉၈ ပေ အမြင့်၊ လုံးပတ် ၅၅ ပေ ရှိပြီး ၂၀၀၃ ခုနှစ် ဇူလိုင်၂၇ရက်က စတင်တည်ဆောက်၍ ၂၀၀၅ခုနှစ် ဧပြီလတွင် ဖွင့်လှစ်ခဲ့ကြောင်း၊ ပုဂံယဉ်ကျေးမှုဒေသ၏ ပတ်ဝန်းအလှအပများကို အပေါ်စီးမှ ကြည့်ရှုခံစားနိုင်ပြီး ပြည်တွင်းပြည်ပခရီးသွားဦးရေ ၂၀၀၀ ဦးခန့်ဝင်ရောက်လေ့ရှိသကဲ့သို့ လူဦးရေ ၇၀ ဆံ့ အစည်းအဝေး ခန်းမ၊ လူဦးရေ ၆၅ ဦးဆံ့ Mini Cinema၊ စားသောက်ခန်း၊ ရုံးခန်း၊ Galleria & Souvenir shop များ စသည်ဖြင့် ပါဝင်ဖွဲ့စည်းထားသည်။
ဆက်လက်၍ တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်အဖွဲ့ဝင်များသည် ပုဂံရှေးဟောင်းယဉ်ကျေးမှု နယ်မြေ အတွင်း ရှေးဟောင်းရေကန်များ ပြုပြင်ထိန်းသိမ်းခြင်း လုပ်ငန်းများဆောင်ရွက်နေသည့် အာမနာကန်နှင့် မင်္ဂလာကန်(၃)သို့ ရောက်ရှိပြီးတာဝန်ရှိသူများက ပုဂံရှေးဟောင်းယဉ်ကျေးမှု နယ်မြေအတွင်း ရှေးဟောင်းရေကန်များအား ပြုပြင်ထိန်းသိမ်းခြင်း လုပ်ငန်းဆောင်ရွက်နေမှု၊ ဆောင်ရွက်ပြီးစီးမှုနှင့် ဆက်လက်ဆောင်ရွက်နေမှုအခြေအနေများကို ရှင်းလင်းတင်ပြရာ တိုင်းဒေသကြီးဝန်ကြီးချုပ်က လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်းဖြည့်ဆည်း ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
ဒီပါလင်း