ဒဂုံအရှေ့ စက်တင်ဘာ ၁၀
ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့သစ်ခရိုင်၊ ဒဂုံမြို့သစ်(အရှေ့ပိုင်း) မြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများမှ ၂၀၂၅-၂၀၂၆ ပညာသင်နှစ် ၁၈ နှစ်အောက် မြို့နယ်အဆင့် ကျောင်းပေါင်းစုံ အားကစားပြိုင်ပွဲ လူရွေးပွဲကို ဩဂုတ် ၈ ရက်နံနက်ပိုင်းမှစ၍ မြို့နယ်အားကစားကွင်းအတွင်း၌ ကျင်းပခဲ့ကြောင်း သိရသည်။
အဆိုပါ ၁၈ နှစ်အောက် ကျောင်းပေါင်းစုံ အားကစားပြိုင်ပွဲ လူရွေးပွဲအတွက် ကျောင်းသား၊ ကျောင်းသူလူငယ်များအနေဖြင့် အများနှင့်ပူးပေါင်းဆောင်ရွက်တတ်စေရန်၊ တစ်မျိုးသားလုံး ကျန်းမာကြံ့ခိုင်စေရေး၊ ကိုယ်ကာယကျန်းမာဖွံ့ဖြိုးစေရန်၊ အားကစားလှုပ်ရှားမှုကို အခြေခံမှစ၍ ကျယ်ကျယ်ပြန့်ပြန့်နားလည်တတ်မြောက်စေရန်၊ ကောင်းသောယှဉ်ပြိုင်လိုစိတ်များရှိစေရန်၊ အားကစားပြုလုပ်ခြင်းဖြင့် ကျန်းမာရေးကောင်းကျိုးများ ရရှိစေရန်နှင့်၊ မျိုးဆက်သစ်အားကစားသမားများ ပေါ်ထွန်းလာစေရန် ရည်ရွယ်ချက်များဖြင့် ယခုလိုပြိုင်ပွဲ လူရွေးချယ်ပွဲများ ကျင်းပပြုလုပ်ပေးရခြင်းဖြစ်ကြောင်းနှင့် ပြိုင်ပွဲစည်းမျဉ်းစည်းကမ်းများကို ဒုတိယမြို့နယ်ပညာရေးမှူး ဒေါ်ခင်ဥမ္မာက ရှင်းလင်းပြောကြားခဲ့သည်။
ထိုသို့ ၁၈ နှစ်အောက် မြို့နယ်အဆင့် ကျောင်းပေါင်းစုံအားကစားပြိုင်ပွဲ လူရွေးချယ်ပွဲသို့ မြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများမှ ကျောင်းသား၊ ကျောင်းသူများက မီတာ ၁၀၀၊ မီတာ ၂၀၀၊ မီတာ ၄၀၀၊ မီတာ ၈၀၀ အပြေးပြိုင်ပွဲ၊ ပြေးခုန်ပစ်ပြိုင်ပွဲ၊ ဘောလုံး၊ ဘော်လီဘော၊ ကြက်တောင်ရိုက်ပြိုင်ပွဲများ အသင်းလိုက်ယှဉ်ပြိုင်ကြပြီး ထူးချွန်သည့်အားကစားသမား ကျောင်းသား၊ ကျောင်းသူလူငယ်များအား အသင်းလိုက်ရွေးချယ်ပြီး ခရိုင်အဆင့်သို့ ဆက်လက်ယှဉ်ပြိုင်သွားရမည်ဖြစ်ကြောင်း မြို့နယ်ပညာရေးမှူးရုံးမှ သိရသည်။
အေးမဉ္ဇူ