တွံတေး စက်တင်ဘာ ၁၀
ရန်ကုန်တိုင်းဒေသကြီး၊ တွံတေးခရိုင်၊ တွံတေးမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ ပူးပေါင်းကျင်းပသည့် စာဖတ်ရှိန်မြှင့်တင်ရေးလှုပ်ရှားမှုအဖြစ် ဟောပြောပွဲ၊ လူငယ်ရေးရာအသိပညာပေးဟောပြောပွဲ၊ ကျပန်းစကားပြောပြိုင်ပွဲ၊ ပုံပြောပြိုင်ပွဲ၊ ကဗျာရွတ်ဆိုပြိုင်ပွဲ၊ ဖတ်မှတ်စွမ်းရည်ပြိုင်ပွဲများနှင့် ဂိမ်းကစားပြိုင်ပွဲများကို ယမန်နေ့နံနက်(၁ဝ)နာရီအချိန်က ပျော်ဘွယ်လေးကျေးရွာအုပ်စု၊ ပျော်ဘွယ်လေးကျေးရွာရှိ (မူလွန်) ပျော်ဘွယ်လေးကျောင်း၌ ကျင်းပခဲ့ကြောင်း သိရသည်။
အခမ်းအနားကို (မူလွန်) ပျော်ဘွယ်လေးကျောင်းမှ ကျောင်းသား၊ ကျောင်းသူများက “မြန်မာ့ကျောင်း”တေးသီချင်းဖြင့် သီဆိုဖွင့်လှစ်ပြီး ကျောင်းအုပ်ဆရာမကြီး ဒေါ်မိမိမော်က အမှာစကားပြောကြားခဲ့ကြသည်။ ဆက်လက်၍ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဦးသက်ဦးက ပြန်ကြားရေးဝန်ကြီးဌာန၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၏ ရည်မှန်းချက်၊ ရည်ရွယ်ချက်နှင့် စာဖတ်ခြင်း၏အကျိုးကျေးဇူးများအား ရှင်းလင်းပြောကြားခဲ့သည်။
ထို့နောက် မြို့နယ်လူမှုဝန်ထမ်းဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်သန္တာမိုးက လူကုန်ကူးမှုခံရခြင်းနှင့် ကလေးအလုပ်သမားပပျောက်ရေးအကြောင်းပြောကြားပြီး မြို့နယ်မီးသတ်ဦးစီးဌာနမှ ဒုတိယမြို့နယ်ဦးစီးမှူး ဦးအောင်စိုးက သဘာဝဘေးအန္တရာယ်နှင့်ပတ်သက်၍ ဆောင်ရန်/ရှောင်ရန်များ အသိပညာပေးဟောပြောကာ ရေဘေးအန္တရာယ်ဖြစ်ပွားလာပါက အသက်ကယ်အင်္ကျီ (life Jacket) ဝတ်ဆင်ပုံအား လက်တွေ့သရုပ်ပြသခဲ့ကြောင်း သိရသည်။
ထို့နောက် ကျပန်းစကားပြောပြိုင်ပွဲ၊ ဖတ်မှတ်စွမ်းရည်ပြိုင်ပွဲ၊ ပုံပြင်ပြောပြိုင်ပွဲ၊ ကဗျာရွတ်ဆိုပြိုင်ပွဲများ၊ ဂိမ်းကစားပြိုင်ပွဲများ ဆက်လက်ကျင်းပရာ မူလတန်းအဆင့်၊ အလယ်တန်းအဆင့် ကျောင်းသား၊ ကျောင်းသူလေးများ ဝင်ရောက်ယှဉ်ပြိုင်ခဲ့ကြသည်။ ဆက်လက်၍ ပြိုင်ပွဲတွင်ဆုရရှိသော ပထမ၊ ဒုတိယ၊ တတိယ၊ နှစ်သိမ့်ဆုရရှိသော ကျောင်းသား၊ ကျောင်းသူများအား တာ၀န်ရှိသူများက ဆုများအသီးသီးပေးအပ်ခဲ့ကြသည်။ ယင်းနောက် ကျေးရွာတာဝန်ခံ ဦးထွန်းထွန်းဝင်းကကျေးဇူးတင်စကားပြောကြားခဲ့သည်။
ထို့နောက် မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနက ကျောင်းသား၊ ကျောင်းသူများ စာဖတ်ရှိန်မြှင့်မားလာစေရန်နှင့် အသိပညာဗဟုသုတရရှိစေရန် ပြသထားသော သဘာဝဘေးအန္တရာယ်အကြောင်း၊ ကလေးအလုပ်သမားပပျောက်ရေး အသိပညာပေးနံရံကပ်စာစောင်များနှင့် စာအုပ်စာစောင်များပြသထားရာ ဆရာ၊ ဆရာမများ၊ ကျောင်းသား၊ ကျောင်းသူများက ကြည့်ရှုလေ့လာခဲ့ကြကြောင်း သိရသည်။
မျိုးလှိုင် တွံတေး