တာချီလိတ်မြို့၌ အခြေခံစားသောက်ကုန်များ၊ စာရေးကိရိယာနှင့် သင်ထောက်ကူပစ္စည်းများ ပေးအပ်လှူဒါန်း

တာချီလိတ် စက်တင်ဘာ ၁၀

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ တာချီလိတ်မြို့၊ လွယ်တော်ခမ်းကျေးရွာအုပ်စု၊ ဟွေ့ရဲကျေးရွာ အောင်မင်္ဂလာတောရဘုန်းတော်ကြီးသင်မူလတန်းကျောင်း၊ ဝမ်ကောင်းရပ်ကွက်ရှိ တာချီလိတ်လူငယ်ဖွံ့ဖြိုးရေးပရဟိတဂေဟာနှင့် ဘိုးဘွားရိပ်သာသို့ ယနေ့ နံနက်ပိုင်းက ခရိုင်/မြို့နယ် အမျိုးသမီးရေးရာအဖွဲ့ဝင်များက အခြေခံစားသောက်ကုန်များ၊ စာရေးကိရိယာနှင့် သင်ထောက်ကူပစ္စည်းများ သွားရောက်လှူဒါန်းခဲ့ကြကြောင်း သိရသည်။

ရှေးဦးစွာ ခရိုင်အမျိုးသမီးရေးရာအဖွဲ့ဥက္ကဋ္ဌ ဒေါ်လှလှဌေး၊ မြို့နယ်အမျိုးသမီးရေးရာအဖွဲ့ဥက္ကဋ္ဌ ဒေါ်စန္ဒာထွန်းနှင့် အဖွဲ့ဝင်များက အောင်မင်္ဂလာတောရကျောင်းထိုင်ဆရာတော် အဂ္ဂမဟာသဒ္ဒမ္မဇောတိက ဘဒ္ဒန္တပဏ္ဍိတအား ဆန်၊ ဆီ၊ ဆား၊ ဆေး ပစ္စည်းလေးပါးနှင့် လှူဖွယ်ဝတ္ထုများ ဆပ်ကပ်လှူဒါန်းပြီး ဆရာတော်ထံမှ ရေစက်ချအနုမောဒနာတရားနာယူကြည်ညို၍ လှူဒါန်းမှုအစုစုအတွက် ရေစက်သွန်းချ အမျှပေးဝေကာ ဘုန်းတော်ကြီးသင်မူလတန်းကျောင်းမှ ဆရာ/ ဆရာမနှင့် ကျောင်းသား၊ ကျောင်းသူ ၁၄၆ ဦးအတွက် ကျောင်းသုံးစာရေးကိရိယာများနှင့် သင်ထောက်ကူပစ္စည်းများ၊ အာဟာရမုန့်များ ထောက်ပံ့ပေးအပ်သည်။

ထို့နောက် ခရိုင်/ မြို့နယ် အမျိုးသမီးရေးရာအဖွဲ့ဝင်များက ဝမ်ကောင်းရပ်ကွက်ရှိ လူငယ်ဖွံ့ဖြိုးရေးပရဟိတဂေဟာနှင့် ဘိုးဘွားရိပ်သာသို့ သွားရောက်၍ တိုင်းရင်းသားလူငယ် ကျောင်းသား၊ ကျောင်းသူ ၅၃ ဦးနှင့် အဘိုး၊ အဘွား ၂၂ ဦးတို့အတွက် ဆန်၊ ဆီ၊ ဆား၊ ဆေး၊ အာဟာရမုန့်များ၊ ကျောင်းသုံးစာရေးကိရိယာများနှင့် အသုံးအဆောင်များ ပေးအပ်လှူဒါန်းရာ တာဝန်ရှိကော်မတီဝင်များက လက်ခံရယူပြီး အဘိုး၊ အဘွားများအား တစ်ရက်တာ ထမင်းအာဟာရ ကျွေးမွေးခဲ့ကြောင်း သိရသည်။

ကျော်ဇေယျာလင်း (ပြန်/ဆက်)