ရှမ်းပြည်နယ်အစိုးရအဖွဲ့၊ ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်အောင်နှင့် ပြည်နယ်အစိုးရအဖွဲ့ဝင်များ မိုင်းရယ်မြို့နယ် ဌာနဆိုင်ရာဝန်ထမ်းများနှင့်တွေ့ဆုံ

မိုင်းရယ် စက်တင်ဘာ ၁၀

ရှမ်းပြည်နယ်အစိုးရအဖွဲ့၊ ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်အောင်နှင့်အတူ လိုက်ပါလာသည့် ပြည်နယ်လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး၊ ပြည်နယ်လမ်းပန်းဆက်သွယ်ရေးဝန်ကြီး၊ ပြည်နယ်အစိုးရအဖွဲ့ အတွင်းရေးမှူး၊ ပြည်နယ်ရဲတပ်ဖွဲ့မှူး ရဲမှူးချုပ်တို့ပါဝင်သည့်အဖွဲ့သည် ယမန်နေ့ ညနေ ၄ နာရီ ၅၀ မိနစ်တွင် မိုင်းရယ်မြို့သို့ရောက်ရှိပြီး မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ အစည်းအဝေးခန်းမ၌ မိုင်းရယ်မြို့နယ် ဌာနဆိုင်ရာဝန်ထမ်းများ၊ လူမှုရေးအသင်းအဖွဲ့များ၊ ရပ်မိ ရပ်ဖများနှင့် တွေ့ဆုံသည်။

ထိုသို့ တွေ့ဆုံရာတွင် မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးစိုးမင်းအောင်က မိုင်းရယ်မြို့နယ်၏ အုပ်ချုပ်ရေး၊ စီးပွားရေးနှင့် လူမှုရေးဆိုင်ရာကဏ္ဍများကို ပါဝါပွိုင့်ဖြင့် ရှင်းလင်းတင်ပြသည်။

ထို့နောက် ရှမ်းပြည်နယ်အစိုးရအဖွဲ့၊ ပြည်နယ်ဝန်ကြီးချုပ်က မြို့နယ်အုပ်ချုပ်ရေးမှူး၏ ရှင်းလင်းတင်ပြချက်များ၊ တက်ရောက်လာကြသည့် ဌာနဆိုင်ရာများနှင့် ရပ်မိ ရပ်ဖများမှ တင်ပြတောင်းခံသည့် ကိစ္စများကို ပြန်လည်ရှင်းလင်း၍ ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးခဲ့သည်။

ဆက်လက်၍ ပြည်နယ်ဝန်ကြီးချုပ်က လွတ်လပ်ပြီးတရားမျှတသော ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲကြီး အောင်မြင်စွာကျင်းပနိုင်ရေး၊ ဒေသဖွံ့ဖြိုးတိုးတက်ရေးအတွက် စိုက်ပျိုးရေး၊ မွေးမြူရေးကို ပိုမိုတိုးချဲ့လုပ်ကိုင်ဆောင်ရွက်ရေး၊ တရားဥပဒေစိုးမိုးပြီးနယ်မြေ တည်ငြိမ်အေးချမ်းမှုရှိစေရေး၊ ပညာရေးနှင့် ကျန်းမာရေးကဏ္ဍ တိုးတက်ဆောင်ရွက်ရေးတို့ကို ဆွေးနွေးပြီး မိုင်းရယ်မြို့နယ်တွင် ရွေးကောက်ပွဲ အောင်မြင်စွာကျင်းပနိုင်ရေးအတွက် ဌာနဆိုင်ရာများနှင့်ပြည်သူများ ပူးပေါင်းဆောင်ရွက်နိုင်ရေးတို့ကို လမ်းညွှန်မှာကြားခဲ့သည်။ ယင်းနောက် ပြည်နယ်ဝန်ကြီးချုပ်က မိုင်းရယ်မြို့နယ်အတွင်း ကျေးရွာစာကြည့်တိုက်များအတွက် စာအုပ်စာစောင်များ ဝယ်ယူလှူဒါန်းနိုင်ရန် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဦးစီးအရာရှိထံ ပေးအပ်လှူဒါန်းကြောင်း သိရသည်။

မြို့နယ်(ပြန်/ဆက်)