ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးထိန်လင်း ပန်းခင်းစီမံချက်အဆင့် (၃) အရ ကွင်းဆင်းဆောင်ရွက်ပေးခဲ့သည့် နိုင်ငံသားစိစစ်ရေးကတ်ပြားပေးအပ်ပွဲ တက်ရောက်

စစ်တွေ စက်တင်ဘာ ၁၀

အမျိုးသားသဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုကော်မတီ၏ လမ်းညွှန်မှုအရ ရခိုင်ပြည်နယ် အစိုးရအဖွဲ့နှင့် ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့၏ စီစဉ်ကြီးကြပ်မှုဖြင့် ရခိုင်ပြည်နယ်သို့ သင်္ဘောများဖြင့် ဆန်နှင့်အခြေခံစားသောက်ကုန်ပစ္စည်းများကို ပို့ဆောင်ပေးလျက်ရှိရာ စစ်တွေမြို့ ဘက်စုံသုံးဆိပ်ကမ်းတွင် အမ်ဗွီအောင်ရတနာသီရိ (၁) သင်္ဘော၊ အမ်ဗွီအောင်ရတနာဌေးသင်္ဘောအမ်ဗွီရဲထွန်းအောင် () သင်္ဘောနှင့် အမ်ဗွီရွှေပိုင်ဖြိုးသင်္ဘောတို့ဖြင့် ရန်ကုန်မြို့မှ ဆန်နှင့်အခြေခံစားသောက်ကုန်ပစ္စည်းများ၊ လူသုံးကုန်ပစ္စည်းများ ရောက်ရှိလာမှုကို ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးထိန်လင်းနှင့် ပြည်နယ်အစိုးရအဖွဲ့ဝင်များ၊ ဌာနဆိုင်ရာ တာဝန်ရှိသူများသည် စက်တင်ဘာ ၁၀ ရက်နေ့နံနက်ပိုင်းက သွားရောက်ကြည့်ရှုစစ်ဆေးကြသည်။

ဦးစွာ ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် အမ်ဗွီအောင်ရတနာသီရိ (၁) သင်္ဘောတွင် ဆန်နှင့်အခြေခံ စားသောက်ကုန်ပစ္စည်းများအား ကုန်တင်ကုန်ချပြုလုပ်နေမှုကို သွားရောက်ကြည့်ရှုစစ်ဆေးကြပြီး ကုန်ပစ္စည်းများအား စနစ်တကျအတင်အချပြုလုပ်နိုင်ရေး၊ ဈေးကွက်အတွင်းအမြန်ဆုံးဖြန့်ဖြူး ရောင်းချရေး၊ ကုန်ပစ္စည်းများ ပျက်စီးဆုံးရှုံးမှုမဖြစ်စေရေး၊ လိုအပ်မှုမရှိသောနေရာများသို့ မရောက်ရှိစေနိုင်ရေးနှင့် ဘေးအန္တရာယ်ကင်းရှင်းစွာ ဆောင်ရွက်နိုင်ရေးတို့ကိုမှာကြားပြီး လိုအပ်သည်များကို တာဝန်ရှိသူ များနှင့် ပေါင်းစပ်ညှိနှိုင်းပေးခဲ့သည်။

ဆက်လက်၍ ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် အမ်ဗွီအောင်ရတနာဌေးသင်္ဘောမှ ဆန်နှင့် အခြေခံစားသောက်ကုန်များကို ကုန်တင်ကုန်ချ ပြုလုပ်နေမှုအားလည်းကောင်း၊  အမ်ဗွီ ရဲထွန်းအောင်() သင်္ဘောမှ ဆန်နှင့် အခြေခံစားသောက်ကုန်များကို ကုန်တင်ကုန်ချ ပြုလုပ်နေမှုအားလည်းကောင်း အမ်ဗွီ ရွှေပိုင်ဖြိုးသင်္ဘောပေါ်မှ ဆန်နှင့်အခြေခံစားသောက်ကုန်များကို ကုန်တင်ကုန်ချပြုလုပ်နေမှုအားလည်းကောင်း သွားရောက်ကြည့်ရှုစစ်ဆေးကြပြီး လိုအပ်သည်များကို တာဝန်ရှိသူများနှင့် ပေါင်းစပ်ညှိနှိုင်းပေးခဲ့သည်။

စစ်တွေမြို့တွင် ကုန်တင်ကုန်ချပြုလုပ်နေသော အမ်ဗွီအောင်ရတနာသီရိ (၁) သင်္ဘောတွင် ဆန်နှင့် အခြေခံ စားသောက်ကုန်ပစ္စည်းများ စုစုပေါင်းတန်ချိန် ၁၁၉၈ ဒသမ ၆၁ တန်တင်ဆောင်၍ လည်းကောင်း၊ အမ်ဗွီရဲထွန်းအောင် () သင်္ဘောတွင် ဆန်နှင့်အခြေခံစားသောက်ကုန်ပစ္စည်းများ စုစုပေါင်းတန်ချိန် ၉၁၅ ဒသမ တန်တင်ဆောင်၍လည်းကောင်း၊ အမ်ဗွီ ရွှေပိုင်ဖြိုးသင်္ဘောတွင် ဆန်၊ စားသုံးဆီနှင့် အခြေခံစားသောက်ကုန်ပစ္စည်းများ စုစုပေါင်းတန်ချိန် ၁၂၈၃ တန်တင်ဆောင်၍လည်းကောင်း စစ်တွေမြို့သို့ ရောက်ရှိလာခြင်းဖြစ်သည်။

ဆန်နှင့်အခြေခံစားသောက်ကုန်ပစ္စည်းများအား ကုန်တင်ကုန်ချပြုလုပ်နေမှုကို သွားရောက်ကြည့်ရှု စစ်ဆေးကြစဉ် ပြည်နယ်ဝန်ကြီးချုပ်က ကုန်ပစ္စည်းများအားကုန်တင်ကုန်ချ ပြုလုပ်ရာ၌ ယာယီနေရပ် စွန့်ခွာစခန်းများတွင် နေထိုင်ကြသည့် ပြည်သူများဝင်ရောက်လုပ်ကိုင်နေမှုနှင့် စခန်များတွင် နေထိုင်သူများ ဆက်လက်၍ အလုပ်အကိုင်အခွင့် အလမ်းများရရှိစေရေး သက်ဆိုင်ရာတာဝန်ရှိသူများနှင့်ပေါင်းစပ် ညှိနှိုင်းဆောင်ရွက်သွားကြရန် မှာကြားခဲ့သည်။

ယင်းနောက် ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် စစ်တွေမြို့၊ မြို့မ‌ဈေးကြီးတွင် ဟင်းသီးဟင်းရွက်များ၊ စားသောက်ကုန်များ၊ သားငါးများရောင်းချနေမှုကို လှည့်လည်ကြည့်ရှုပြီး ဈေးသူ ဈေးသားများနှင့် ဈေးဝယ်ရန်ရောက်ရှိလာကြသော ပြည်သူများအား ရင်းရင်း နှီးနှီးတွေ့ဆုံနှုတ်ဆက်ခဲ့သည်။

ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်သည် စစ်တွေမြို့၊ ဦးဥတ္တမခန်းမ၌ ရခိုင်ပြည်နယ်အစိုးရအဖွဲ့က ကြီးမှူး၍ ပန်းခင်းစီမံချက်အဆင့် (၃) အရ ကွင်းဆင်းဆောင်ရွက်ပေးခဲ့သည့် နိုင်ငံသားစိစစ်ရေးကတ်ပြား ပေးအပ်ပွဲအခမ်းအနားသို့ တက်ရောက်ကြသည်။

အခမ်းအနားတွင် ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးထိန်လင်းက နိုင်ငံတော်အနေဖြင့် မကြာခင်ပြုလုပ် ပေးမည့် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲတွင် အသက် (၁၈) နှစ် ပြည့်ပြီးသူအားလုံး မဲဆန္ဒပေးနိုင်ရေးအတွက် မရှိမဖြစ်လိုအပ်သည့် နိုင်ငံသားစိစစ်ရေးကတ်ပြားများအား လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာနမှ ပန်းခင်းစီမံချက်ဖြင့် အိမ်ထောင်စုလူဦးရေစာရင်းနှင့် နိုင်ငံသားစိစစ်ရေးကတ်ပြားများ ဆောင်ရွက်ပေးလျက်ရှိကြောင်း၊ ယနေ့အခမ်းအနားတွင် ရခိုင်ပြည်နယ်၊ လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန၏ အစီအစဉ်ဖြင့် ပန်းခင်းစီမံချက်အဆင့် (၃) အရ စစ်တွေမြို့တွင် တာဝန်ထမ်းဆောင်နေကြသည့်  တပ်ရင်းတပ်ဖွဲ့များ၊ ဌာနဆိုင်ရာများမှ ဝန်ထမ်းများနှင့် မိသားစုဝင်များအား ကွင်းဆင်းဆောင်ရွက်ပေးခဲ့သည့် နိုင်ငံသားစိစစ်ရေး ကတ်ပြား များကို ပေးအပ်ခြင်း အခမ်းအနားဖြစ်ကြောင်း၊ ယခုဆောင်ရွက်ပေးခဲ့သည့် နိုင်ငံသားစိစစ်ရေး ကတ်ပြားများသည် မိမိတို့ဘဝ တိုးတက်မြင့်မားရေးအတွက် မရှိမဖြစ်လိုအပ်သကဲ့သို့ မိမိတို့နေ့စဉ် လုပ်ကိုင်ဆောင်ရွက်နေသည့် ကိစ္စရပ်များတွင်လည်း မရှိမဖြစ်လိုအပ်သော အရာလည်းဖြစ်ကြောင်း၊ နိုင်ငံသားစိစစ်ရေးကတ်ပြား ကိုင်ဆောင်ထားခြင်းအားဖြင့် မိမိတို့သည် မြန်မာနိုင်ငံသားဖြစ်သည်ကို ဂုဏ်ယူဝင့်ကြွားစွာ ပြောဆိုနိုင်မည်ဖြစ်သကဲ့သို့ နိုင်ငံသားစိစစ်ရေးကတ်ပြားများ လက်ဝယ်ရရှိပြီး သူများအနေဖြင့် မိမိတို့သွားလိုရာခရီး၊ ဆောင်ရွက်လိုသည့် ကိစ္စအဝဝကို အလွယ်တကူဆောင်ရွက်နိုင်ပြီဖြစ်ကြောင်းနှင့် လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့ အင်အားဝန်ကြီးဌာနမှ ဝန်ထမ်းများကလည်း ကျန်ရှိနေသည့် ဌာနဆိုင်ရာဝန်ထမ်းများနှင့် ပြည်သူများကိုလည်း ယခုကဲ့သို့ ကွင်းဆင်း၍ ဆက်လက်ဆောင်ရွက်ပေးသွားကြရန်ပြောကြားသည်။

ဆက်လက်၍ ပြည်နယ်ဝန်ကြီးချုပ် ဦးထိန်လင်းက ယာယီနေရပ်စွန့်ခွာပြည်သူများအား လည်းကောင်း၊ ပြည်နယ်လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး ကျော်သူရက တပ်ရင်း၊ တပ်ဖွဲ့များမှ တပ်ဖွဲ့ဝင်များနှင့်မိသားစုများအားလည်းကောင်း နိုင်ငံသားစိစစ်ရေးကတ်ပြားများ ပေးအပ်ကြသည်။ ယင်းနောက် ရခိုင်ပြည်နယ်အစိုးရအဖွဲ့အတွင်းရေးမှူးနှင့် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန၊ ပြည်နယ်ဦးစီးမှူးတို့က ရဲတပ်ဖွဲ့ဝင်များနှင့် ဌာနဆိုင်ရာဝန်ထမ်းများအား နိုင်ငံသားစိစစ်ရေးကတ်ပြားများ ပေးအပ်ကြရာ နိုင်ငံသားစိစစ်ရေးကတ်ပြားရရှိသူတစ်ဦးက ကျေးဇူးတင်စကားပြန်လည်ပြောကြားခဲ့သည်။

ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် အခမ်းအနားသို့ တက်ရောက်လာကြသည့် တပ်ရင်း၊ တပ်ဖွဲ့များမှ တပ်ဖွဲ့ဝင်များနှင့်မိသားစုများ၊ ဌာနဆိုင်ရာဝန်ထမ်းများနှင့် ယာယီနေရပ်စွန့်ခွာ စုရပ်များမှ ပြည်သူများအား ရင်းရင်းနှီးနှီးလိုက်လံနှုတ်ဆက်ခဲ့ကြောင်း သိရသည်။

တင်ထွန်း(ပြန်/ဆက်)