မိုင်းဆတ်မြို့၌ ခရိုင်သက်ကြီးရွယ်အိုများဆိုင်ရာ ကော်မတီအစည်းအဝေး ကျင်းပ

မိုင်းဆတ် စက်တင်ဘာ ၁၀

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းဆတ်မြို့၊ ခရိုင်သက်ကြီးရွယ်အိုများဆိုင်ရာ ကော်မတီအစည်းအဝေးကို ယနေ့နံနက် ၁၀ နာရီက ခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး၊ အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

ဦးစွာ ခရိုင်သက်ကြီးရွယ်အိုများဆိုင်ရာ ကော်မတီဥက္ကဋ္ဌ၊ ခရိုင်အုပ်ချုပ်ရေးမှူး ဦးညီညီထွေးက အဖွင့်အမှာစကားပြောကြားပြီး ခရိုင်သက်ကြီးရွယ်အိုများဆိုင်ရာ ကော်မတီအတွင်းရေးမှူး၊ ကျိုင်းတုံခရိုင် လူမှုဝန်ထမ်းဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူး ဒေါ်ခင်ခင်မြင့်က ခရိုင်သက်ကြီးရွယ် အိုများဆိုင်ရာကော်မတီ၏ ရည်ရွယ်ချက်များနှင့် နိုင်ငံတော်မှ အသက်(၈၅)နှစ်အထက် သက်ကြီးဘိုးဘွားများအား လူမှုရေးပင်စင်ထောက်ပံ့မှုအခြေအနေအား ရှင်းလင်းတင်ပြသည်။

ထို့နောက် အစည်းအဝေးတက်ရောက်လာသော ခရိုင်သက်ကြီးရွယ်အိုများဆိုင်ရာကော်မတီဝင်များက သက်ကြီးဘိုးဘွားများအား ကူညီဆောင်ရွက်ပေးနေမှု အခြေအနေများအား ဆွေးနွေးတင်ပြရာ ခရိုင်သက်ကြီးရွယ်အိုများဆိုင်ရာ ကော်မတီဥက္ကဋ္ဌက လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်းပေးခဲ့ကြောင်း သိရသည်။

အဆိုပါ ခရိုင်သက်ကြီးရွယ်အိုများဆိုင်ရာကော်မတီကို ၂၀၂၅ ခုနှစ်၊ ဇွန်လ ၄ ရက်နေ့တွင် ဖွဲ့စည်းခဲ့ပြီးကော်မတီဝင်များအနေဖြင့် သက်ကြီးဘိုးဘွားများ၏ ဘဝကျန်းမာပျော်ရွှင်စွာနေထိုင်နိုင်ရေးအတွက် ဝိုင်းဝန်းပူးပေါင်း ကူညီဆောင်ရွက်သွားကြမည်ဖြစ်ကြောင်း သိရသည်။

ယဉ်ယဉ်ဝင်း(ပြန်/ဆက်)