ဟိုပုံး စက်တင်ဘာ ၁၀
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဟိုပုံးမြို့နယ်၌ စာဖတ်ရှိန်မြှင့်တင်ရေး အသိပညာပေးဟောပြောပွဲ၊ ဆေးရောင်ခြယ်ပြိုင်ပွဲနှင့် ဆုချီးမြှင့်ပွဲအခမ်းအနားကို ယနေ့နံနက် (၉) နာရီအချိန်က ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသအဆင့်ရုံးရှိ လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ ကျင်းပခဲ့သည်။
ဟောပြောပွဲတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသအဆင့်ရုံးမှ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်ဥမ္မာချိုက ကျောင်းသား၊ ကျောင်းသူများအား စာဖတ်ခြင်း၏ အကျိုးကျေးဇူးများအကြောင်း၊ “စာပေလေ့လာဖတ်ရှုလူသားတိုင်းအတွက် ကောင်းကျိုးပြု၊ ကံကောင်းစေဖို့ စာဖတ်စို့၊ စာဖတ်ခြင်းက စိတ်ဖိစီးမှုပြေပျောက်နိုင်၊ စာအုပ်စာပေမှရသော ပညာဉာဏ်အရောင်သည် အချိန်အခါမရွေးထွန်းလင်းတောက်ပနိုင်၊ သုတစာပေက အသိပညာတိုးပွားပြီး တည်ကြည်ရင့်ကျက်ခြင်း၊ အတွေးအခေါ်များ ပိုကောင်းခြင်း၊ ရသစာပေက စိတ်နှလုံးကို သိမ်မွေ့နူးညံ့စေခြင်း” စသည့်အကြောင်းအရာများကို ဟောပြောခဲ့သည်။
ထို့နောက် အမှတ်(၁)အခြေခံပညာမူလတန်းကျောင်း ကျောင်းသား၊ ကျောင်းသူများက ဆေးရောင်ခြယ်ပြိုင်ပွဲအား ဝင်ရောက်ယှဉ်ပြိုင်ခဲ့ကြသည်။ ဆက်လက်၍ ဆုချီးမြှင့်ခြင်းအခမ်းအနားကို ဆက်လက်ကျင်းပရာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသအဆင့်ရုံးမှ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်ဥမ္မာချို၊ အမှတ်(၁)အခြေခံပညာမူလတန်းကျောင်း ကျောင်းအုပ်ဆရာမကြီး ဒေါ်စိမ့်စိမ့်လျှံတို့က ဆေးရောင်ခြယ်ပြိုင်ပွဲတွင် ပထမ၊ ဒုတိယ၊ တတိယနှင့် နှစ်သိမ့်ဆုရရှိသော ကျောင်းသား၊ ကျောင်းသူများအား ဆုများအသီးသီး ပေးအပ်ချီးမြှင့်ခဲ့ကြသည်။
ယင်းနောက် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသအဆင့်ရုံးမှ ဒုတိယဦးစီးမှူး ဒေါ်အေးထက်ထက်ထွန်းက ကလေးစာဖတ်ခန်းတွင် ကျောင်းသား၊ ကျောင်းသူများအား ဉာဏ်စမ်းပဟေဠိ အမေး၊ အဖြေများ ဆောင်ရွက်ပေးခဲ့ပြီး ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ခင်းကျင်းပြသထားသော အသိပညာပေးနံရံကပ်စာစောင်များနှင့် သုတ၊ ရသစာအုပ်စာစောင်များကို ကျောင်းသား၊ ကျောင်းသူများက စိတ်ပါဝင်စားစွာ လေ့လာဖတ်ရှုခဲ့ကြကြောင်း သိရသည်။
ခရိုင် (ပြန်/ဆက်)