သာစည်မြို့နယ် အ.ထ.ကမယ်ဇလီကန်၌ ကလေးသူငယ်များအတွက် သဘာဝဘေးအန္တရာယ် လျှော့ချရေးနှင့် တုန့်ပြန်ဆောင်ရွက်ရေး အသိပညာပေးအစီအစဉ် ဆောင်ရွက်

သာစည် စက်တင်ဘာ ၁၀

မန္တလေးတိုင်းဒေသကြီး သာစည်မြို့နယ် မီးသတ်ဦးစီးဌာနကဦးစီး၍ ကလေးသူငယ်များအတွက် သဘာဝဘေးအန္တရာယ်လျှော့ချရေးနှင့် တုန့်ပြန်ဆောင်ရွက်ရေး အသိပညာပေးအစီအစဉ် (Kaeru Caravan) ကို စက်တင်ဘာ ၁၀ ရက် နံနက် ၉ နာရီခွဲက သာစည်မြို့နယ် လှိုင်းတက်ကျေးရွာအုပ်စု အ.ထ.ကမယ်ဇလီကန်၌ ကျင်းပပြုလုပ်ကြောင်း သိရသည်။

ရှေးဦးစွာ အခမ်းအနားကို ကျင်းပရာ မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဝင် ဗိုလ်မှူးတေဇာမြင့်က အမှာစကားပြောကြားပြီး ကျောင်းအုပ်ဆရာမကြီး ဒေါ်စုစုလှိုင်က ကျေးဇူးတင်စကားပြောကြားသည်။

ဆက်လက်၍ မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဝင်များ၊ ဌာနဆိုင်ရာများ၊ ကျေးရွာအုပ်စုအုပ်ချုပ်ရေးမှူးနှင့်အသိပညာပေးအစီအစဉ်တွင် ပါဝင်မည့်သူများ စုပေါင်းမှတ်တမ်းတင်ဓာတ်ပုံ ရိုက်ကြသည်။

ထို့နောက် မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဝင်များနှင့်တက်ရောက်လာသူများက ဂိမ်းကစားနည်း ၁၀ မျိုးဖြင့် ဆောင်ရွက်သော အသိပညာပေးအစီအစဉ်များနှင့် လက်တွေ့ပြုလုပ်မှုများကို ကြည့်ရှုအားပေးကြပြီး ခင်းကျင်းပြသထားသော ခေတ်မီရှာဖွေကယ်ဆယ်ရေးသုံးပစ္စည်းများကို ကြည့်ရှု့လေ့လာခဲ့ကြရာ မြို့နယ်မီးသတ်ဦးစီးမှူး ဦးထွန်းထွန်းဝင်းက အသုံးဝင်ပုံများနှင့်အသုံးပြုနည်းများကို ရှင်းလင်းပြသသည်။ သဘာဝဘေးအန္တရာယ်ဖြစ်လာပြီဆိုရင် ကလေးသူငယ်တွေဟာ ထိခိုက်ဒဏ်ရာရရှိမှုနဲ့ဆုံးရှုံးနိုင်ခြေအများဆုံး ဖြစ်တတ်တာကြောင့် ကလေးသူငယ်တွေအနေနဲ အလျင်အမြန် တုန့်ပြန်ဆောင်ရွက်နိုင်တဲ့ အသိပညာဗဟုသုတတွေနဲ့ သဘာဝဘေးအန္တရာယ်ကာကွယ်လျှော့ချရေး အသိပညာဗဟုသုတတွေရရှိဖို့အတွက် သူတို့တွေမှတ်မိလွယ်အောင် ဂိမ်းကစားနည်း ၁၀ မျိုးနဲ့အသိပညာပေးတဲ့အစီအစဉ်ဖြစ်ကြောင်း၊ အဆိုပါဂိမ်း ၁၀ မျိုး တွင် မီးလောင်မှုဖြစ်ပွားရခြင်းအကြောင်းရင်းနှင့် မီးငြိမ်းသတ်ရေးပစ္စည်များအား သိရှိနားလည်ပြီးအသုံးပြုတတ်စေရန် ငလျင်ဘေး၊ ရေဘေး၊ မီးဘေးကြုံလာပါက မိမိတို့ပတ်ဝန်းကျင်ရှိပစ္စည်းများကို အသုံးချတတ်စေရန် စသည်ဖြင့် ပါဝင်သောအသိပညာပေးအစီအစဉ်များနှင့် လက်တွေ့ပြုလုပ်မှုများဖြစ်ကြောင်း မြို့နယ်မီးသတ်ဦးစီးမှူးထံ ကသိရသည်။

အဆိုပါအသိပညာပေးပွဲသို့ မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဝင်များ၊ ဌာနဆိုင်ရာများ၊ အရန်မီးသတ်တပ်ဖွဲ့ဝင်များ၊ ဆရာ/ ဆရာမများနှင့် ကျောင်းသား/သူများ တက်ရောက်ခဲ့ကြကြောင်း သိရသည်။

မြို့နယ်(ပြန်/ဆက်)