မော်လမြိုင် စက်တင်ဘာ ၁၀
၂ဝ၂၅ ခုနှစ်၊ တက္ကသိုလ်ဝင်စာမေးပွဲတွင် မွန်ပြည်နယ်မှ ထူးချွန်စွာအောင်မြင်ခဲ့သော ကျောင်းသား၊ ကျောင်းသူများ ကျောင်းများ၊ မြို့နယ်များအား ပညာရည်ချွန်ဆုချီးမြှင့်ပွဲအခမ်းအနားကို စက်တင်ဘာ ၅ ရက်နေ့ နံနက်ပိုင်းက မော်လမြိုင်မြို့၊ ပြည်နယ်ခန်းမ၌ ကျင်းပပြုလုပ်ရာ ရှေးဦးစွာ အမှတ်(၈)အခြေခံပညာအထက်တန်းကျောင်း မော်လမြိုင်မှ ကျောင်းသူများက “ဂုဏ်ထူးရှင်တို့ ဂုဏ်ပြုစို့” သီချင်းဖြင့် ဂုဏ်ပြုသီဆိုဖျော်ဖြေခဲ့ပြီး မွန်ပြည်နယ် ဝန်ကြီးချုပ် ဦးအောင်ကြည်သိန်းက မွန်ပြည်နယ်အနေဖြင့် ဘက်စုံပညာရေးကဏ္ဍ တိုးတက်မြင့်မားစေရေး အလေးထားဆောင်ရွက်ပေးလျက်ရှိရာ တက္ကသိုလ်ဝင်တန်းအောင်ချက်မြင့်မားရေးအတွက် အဖက်ဖက်မှ ပံ့ပိုးကူညီပေးလျက်ရှိပြီး ယခုနှစ် တက္ကသိုလ်ဝင်တန်းစာမေးပွဲမှာ ဘာသာရပ်အလိုက် ဂုဏ်ထူးရ ကျောင်းသား၊ ကျောင်းသူ (၉၈၈) ဦးနှင့် မြန်မာတစ်နိုင်ငံလုံးတွင် အောင်ချက် ၅၇ ဒဿမ ၁၆ ရာခိုင်နှုန်းဖြစ် ပထမရရှိတဲ့အတွက် များစွာဂုဏ်ယူဝမ်းမြောက်မိပါကြောင်း၊ ကျောင်းသား၊ ကျောင်းသူများသည် အခြေခံပညာကိုပြီးဆုံးပြီး အဆင့်မြင့်ပညာကို သင်ယူရတော့မှာဖြစ်တဲ့အတွက် မိမိတို့ စိတ်ဝင်စားတဲ့ ပညာရပ်များ၊ ဝါသနာပါတဲ့အသက် မွေးဝမ်းကျောင်းဘာသာရပ်ကို စဉ်ဆက်မပြတ် ကြိုးစားအားထုတ်သင်ယူပြီး နိုင်ငံတော်အတွက် အားထားရတဲ့ လူတော်၊ လူကောင်းလေးများ ဖြစ်အောင်စွမ်းဆောင်ပေးကြစေလိုကြောင်း၊ အရည်အသွေးမြင့်မားသော အသိပညာရှင်၊ အတတ်ပညာရှင်များ၊ လူရည်ချွန်လူရည်မွန်များ မွေးထုတ်စေနိုင်မည့် ဘက်စုံပညာရေးစနစ် သက်ဝင်ရှင်သန်ဖွံ့ဖြိုးတိုးတက်လာစေရန် ပညာရေးပဉ္စဂံဖြစ်သည့် မိဘ၊ ဆရာ၊ ကျောင်းသားများနှင့် တာဝန်ရှိသူများ၊ စေတနာရှင်ပြည်သူများ ဝိုင်းဝန်းပူးပေါင်းဆောင်ရွက်ပေးကြရန် တိုက်တွန်းလိုပါကြောင်းဖြင့် အမှာစကားပြောကြားခဲ့သည်။
ထို့နောက် ပြည်နယ်ပညာရေးမှူး ဒေါ်နန့်စယ်လီလှိုင်က ၂၀၂၅ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲနှင့် ပတ်သက်၍ ရှင်းလင်းတင်ပြပြီး ပြည်နယ်ဝန်ကြီးချုပ်က ၂၀၂၅ ခုနှစ်၊ တက္ကသိုလ်ဝင်စာမေးပွဲ အောင်ချက်တစ်နိုင်ငံလုံးတွင် (ပထမ) ဆုရရှိသော မွန်ပြည်နယ် ပညာရေးဌာန၊ အောင်ချက် (ပထမ) ရအောင်ဝိုင်းဝန်းကူညီပေးသော မော်လမြိုင်တက္ကသိုလ်နှင့် မွန်ပြည်နယ်မှ (၆) ဘာသာဂုဏ်ထူးရ ကျောင်းသား၊ ကျောင်းသူများအား ဂုဏ်ပြုဆုများချီးမြှင့်ခဲ့သည်။
ဆက်လက်၍ ပြည်နယ်တရားလွှတ်တော် တရားသူကြီးချုပ်၊ ပြည်နယ်ဝန်ကြီးများနှင့် တာဝန်ရှိသူများက မွန်ပြည်နယ်မှ (၅)ဘာသာ၊ (၄)ဘာသာ၊ (၃)ဘာသာ၊ ဂုဏ်ထူးရ ကျောင်းသား၊ ကျောင်းသူများအားလည်းကောင်း၊ သိပ္ပံဘာသာတွဲ၊ ဝိဇ္ဇာဘာသာတွဲ၊ ဝိပ္ပံဘာသာတွဲတွင် အမှတ်အများဆုံးရရှိသူများ၊ (၆)ဘာသာဂုဏ်ထူးရအောင် သင်ကြားပေးသောကျောင်းများမှ ဘာသာရပ်သင် ဆရာ၊ ဆရာမများ၊ အောင်ချက် (၇၅) ရာခိုင်နှုန်းနှင့်အထက်ရရှိသော အခြေခံပညာကျောင်းများ၊ အောင်ချက်အကောင်းဆုံးခရိုင်၊ မြို့နယ်များအားလည်းကောင်း ဆုများအသီးသီးပေးအပ်ချီးမြှင့်ခဲ့သည်။
ယင်းနောက် ပြည်နယ်ဝန်ကြီးချုပ်နှင့် ပြည်နယ်ဝန်ကြီးများက အလှူရှင်များအား ဂုဏ်ပြုမှတ်တမ်းလွှာများ ပြန်လည်ပေးအပ်ခဲ့ပြီး ဆုရကျောင်းသား၊ ကျောင်းသူများကိုယ်စား ဆုရရှိသူတစ်ဦးမှ ကျေးဇူးတင်စကားပြန်လည်ပြောကြာ၍ အမှတ် (၉) အခြေခံပညာအထက်တန်းကျောင်းနှင့် အမှတ် (၆) အခြေခံပညာအထက်တန်းကျောင်းမှ ကျောင်းသူ၊ ကျောင်းသားလေးများမှ တေးသီးချင်းများဖြင့် သီဆိုဖျော်ဖြေခဲ့ကြပြီး ပြည်နယ်ဝန်ကြီးချုပ်က ဖျော်ဖြေရေးအဖွဲ့များအား ဂုဏ်ပြုဆုငွေများ ပေးအပ်၍ ဂုဏ်ထူးရ ကျောင်းသား၊ ကျောင်းသူများအား ရင်းရင်းနှီးနှီးလိုက်လံနှုတ်ဆက်ခဲ့ကြောင်း သိရှိရသည်။
စည်သူ (ပြန်/ဆက်)