မိုင်းခတ်မြို့၊ ဝမ်ခုတ်‌ကျေးရွာနမ့်လွေစာကြည့်တိုက်သို့ စာကြည့်တိုက်ရှင်သန်ခိုင်မာ‌ရေး ကော်မတီအဖွဲ့ဝင်များနှင့် တွေ့ဆုံ

မိုင်းခတ် စက်တင်ဘာ ၁၀

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ကျိုင်းတုံခရိုင်၊ မိုင်းခတ်မြို့နယ်ရှိ ကျေးရွာစာကြည့်တိုက်များ ရှင်သန်ရေးအတွက် မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဝန်ထမ်းများက ယနေ့နံနက်ပိုင်းတွင် ဝမ်ခုတ်ကျေးရွာ “နမ့်လွေ” စာကြည့်တိုက်သို့ ကွင်းဆင်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ထိုသို့ ကွင်းဆင်းရာတွင် မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်နန်းနွယ်နီအောင်က ယခုစာကြည့်တိုက်သည် လက်ရှိတွင် သက်တမ်း(၁၀)နှစ်ကျော်ကြာမြင့်ပြီဖြစ်၍ ဆက်လက်ထိန်းသိမ်းသွားရန်လိုပါကြောင်း၊ ဖွင့်ပြီးသားကျေးရွာစာကြည့်တိုက်များ အမြဲတမ်းရှင်သန်ခိုင်မာရေး ထိန်းသိမ်းစောင့်ရှောက်သွားကြရန် ကော်မတီအဖွဲ့ဝင်များက အားထည့်ဆောင်ရွက်ပေးကြရန်၊ ကျေးရွာနေပြည်သူများ အားလပ်ချိန်တွင် ဗဟုသုတတိုးပွားရေးအတွက် စာကြည့်တိုက်ရှိ စာအုပ်စာပေများ လာရောက်လေ့လာဖတ်ရှုကြရန်လိုကြောင်း၊ စာကြည့်တိုက်ပတ်ဝန်းကျင်တွင် သန့်ရှင်းသာယာလှပရေး၊ အဆောက်အအုံပြန်လည်မွမ်းမံရမည့် နေရာများရှိပါက ပြန်လည်မွမ်းမံနိုင်ရေး၊ စာကြည့်တိုက်အတွင်း လေဝင်လေထွက်ကောင်းမွန်စေရန် ပြတင်းတံခါးများဖွင့်ထားရေး၊ စာအုပ်စာစောင်များ ပျောက်ဆုံးပျက်စီးမှုမရှိစေရေး ကျေးရွာစာကြည့်တိုက်ကော်မတီအဖွဲ့ဝင်များအား မှာကြားကာ စာအုပ်စာစောင်များ ပေးအပ်ခဲ့ကြောင်း သိရသည်။

မြို့နယ်(ပြန်/ဆက်)