ရန်ကုန် စက်တင်ဘာ ၁၀
၂၀၂၅ ခုနှစ်၊ စက်တင်ဘာလ ၈ ရက်နေ့တွင် ကျရောက်သည့် နိုင်ငံတကာစာတတ်မြောက်ရေးအထိမ်းအမှတ်အဖြစ် ကမာရွတ်မြို့နယ်၊ (၉) ရပ်ကွက်၊ သထုံလမ်းရှိ လေ့ကျင့်ရေးအထက်တန်းကျောင်း (တီတီစီ) ရှိ ပညာ့ဗိမာန်ခန်းမ၌ စက်တင်ဘာ ၈ ရက်နေ့ နံနက်ပိုင်းက ၂၀၂၅ ခုနှစ် နိုင်ငံတကာစာတတ်မြောက်ရေးနေ့ အထိမ်းအမှတ် "ဒစ်ဂျစ်တယ်ခေတ်ကို လိုက်မီဖို့ စာတက်မြောက်ရေး မြင့်တင်စို့" ဟူသောဆောင်ပုဒ်အားဂုဏ်ပြု၍ အခမ်းအနားဆောင်ရွက်ခဲ့ပါသည်။
အဆိုပါအခမ်းအနားသို့ရန်ကုန်တိုင်း ဒေသကြီးအစိုးရအဖွဲ့မှ ဝန်ကြီးချုပ် ဦးစိုးသိန်းနှင့် အစိုးရအဖွဲ့၀န်ကြီးများ၊ ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ အခြေခံနှင့်အဆင့်မြင့် ပညာဦးစီးဌာနမှ ပါမောက္ခချုပ်များ၊ ရန်ကုန်တိုင်းဒေသကြီးပညာရေးမှူး၊၊ ကမာရွတ်ခရိုင်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ ခရိုင်ပညာရေးမှူးများ၊ မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌနှင့် အဖွဲ့၀င်များ၊ မြို့နယ်အဆင့်ဌာနဆိုင်ရာများ၊ ခရိုင်/မြို့နယ်အမျိုးသမီးရေးရာဥက္ကဋ္ဌနှင့် အဖွဲ့၀င်များ၊ ခရိုင်/မိခင်ကလေးစောင့်ရှောက်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် အသင်း၀င်များ၊ ကမာရွတ်ခရိုင်အတွင်းရှိ အခြေခံပညာကျောင်းများမှ ကျောင်းအုပ် ဆရာ/ဆရာမကြီးများ၊ လေ့ကျင့်ရေးအထက်တန်းကျောင်း (တီတီစီ) မှ ဆရာ/ဆရာမများ၊ ကျောင်းသား/သူများ၊ ဖိတ်ကြားထားသော ဧည့်သည်များ စုစုပေါင်း(၃၀၀)ဦးခန့် တက်ရောက်ခဲ့သည်။
ဆက်လက်၍ ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့၀န်ကြီးချုပ်မှ အဖွင့်အမှာစကားပြောကြားပြီး စာတတ်မြောက်ရေးအထိမ်းအမှတ် စာစီစားကုံးပြိုင်ပွဲတွင် ဆုရရှိခဲ့သော ကျောင်းသား/သူလေးများအား ဂုဏ်ပြုဆုများ ပေးအပ်ချီးမြှင့်ခဲ့ပြီး ရန်ကုန်တိုင်းဒေသကြီး ပညာရေးမှူးမှ စာတတ်မြောက်ရေးနေ့ ဒစ်ဂျစ်တယ်ခေတ်ကို လိုက်မီဖို့ စာတတ်မြှောက်ရေးမြှင့်တင်စို့ ခေါင်းစဉ်ဖြင့်ရှင်းလင်းတင်ပြကာ တက်ရောက်လာသူများအား ကျောင်းသား/သူများက ဖျော်ဖြေခဲ့ကြသည်။
ထို့နောက် ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ်က ဖျော်ဖြေရေးအဖွဲ့ ကျောင်းသား၊ ကျောင်းသူများကို ဆုတော်ငွေများ ချီးမြှင့်ပေးအပ်၍ စာတတ်မြောက်ရေးနေ့ အထိမ်းအမှတ်ပြသထားသော ပန်ချီ၊ ဆောင်းပါးပြခန်းများအား ကြည့်ရှုခဲ့ကြပါသည်။
စိမ်းလဲ့ (ပြန်ဆက်)