ပြည်ကြီးတံခွန်မြို့နယ်တွင် မဲပေးစက်ဆိုင်ရာ အသိပညာပေးခြင်းနှင့် လက်တွေ့စမ်းသပ်မဲပေးခြင်းများ ဆက်လက်ဆောင်ရွက်

ပြည်ကြီးတံခွန် စက်တင်ဘာ ၁၀

မန္တလေးတိုင်းဒေသကြီး၊ပြည်ကြီးတံခွန်မြို့နယ်၊(ဆ)ရပ်ကွက်ရှိ စက်တင်ဘာ ၉ ရက်နေ့နံနက် ၉ နာရီမှ ၁၂ နာရီအထိ ဇိနမာန်အောင်ဓမ္မာရုံ၌လည်းကောင်း၊ စက်တင်ဘာ ၁၀ ရက်နေ့နံနက်ပိုင်း ၉ နာရီမှစ၍ (ဇ)ရပ်ကွက်၊ ဓမ္မသုခဓမ္မာရုံ၌လည်းကောင်း၊ (ဈ)ရပ်ကွက် စက်မှုဗိမာန်၌လည်းကောင်း မဲပေးစက်ဆိုင်ရာအသိပညာပေးခြင်းနှင့်လက်တွေ့ စမ်းသပ်မဲပေးခြင်းအခမ်းအနားကို ဆက်လက်ဆောင်ရွက်ခဲ့သည်။

အဆိုပါ အခမ်းအနားတွင် မြို့နယ် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ အဖွဲ့ဝင်(၁) ဦးကျော်စိုးဝင်းက မဲပေးစက်ဆိုင်ရာအသိပညာပေးခြင်းနှင့် ပက်သက်၍ အမှာစကားပြောကြားခဲ့သည်။ ဆက်လက်ပြီး ပြည်ကြီးတံခွန်မြို့နယ်၊ မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲအတွင်းရေးမှူး ဦးမင်းစိုးနိုင်က မဲပေးပုံ‌မဲ‌ပေးနည်းများ ရှင်းလင်းပြောကြားခြင်း၊ လွတ်လပ်ပြီးတရားမျှတ‌သောပါတီစုံဒီမိုကရေစီစနစ်အောင်မြင်ရေးအတွက် မဲပေးစက်ဖွဲ့စည်းတည်ဆောက်ပုံ၊ မဲပေးခြင်းလုပ်ငန်းစဉ်အဆင့်ဆင့်အား ရှင်းလင်းပြောကြားခဲ့ပြီး တစ်ဦးချင်း ကိုယ်တိုင်စမ်းသပ် မဲပေးခြင်းများကို လက်တွေ့ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

အဆိုပါ အခမ်းအနားသို့ ပြည်ကြီးတံခွန်မြို့နယ်၊ မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲဝင်ဥက္ကဋ္ဌ ဦးဝင်းထွန်းကျော်နှင့် အဖွဲ့ဝင်များ၊မြို့နယ်အဆင့် ဌာနဆိုင်ရာများမှ တာဝန်ကျဝန်ထမ်းများ၊ မြို့နယ်ရဲတပ်ဖွဲ့မှ အဖွဲ့ဝင်များ၊ ပြည်သူလုံခြုံရေးအဖွဲ့ဝင်များ၊ (ဆ)ရပ်ကွက်၊ (ဇ)ရပ်ကွက်၊ (ဈ)ရပ်ကွက်ရှိ ရပ်ကွက်အုပ်ချုပ်ရေးမှူး၊ ရပ်ကွက်စာရေး၊ ရာအိမ်မှူး၊ ဆယ်အိမ်မှူးများ၊ (ဆ) ရပ်ကွက်နေပြည်သူ(၅၀၀)ဦးခန့်၊ (ဇ)ရပ်ကွက်နေပြည်သူ (၅၀၀)ဦးခန့်၊ (ဈ)ရပ်ကွက်နေ ပြည်သူ(၇၀၀)ဦးခန့် တက်ရောက်ခဲ့ကြောင်း သိရသည်။

ဇင်မင်းမောင်