မြင်းခြံခရိုင်၌ တက္ကသိုလ်ဝင်တန်းစာမေးပွဲတွင် ထူးချွန်စွာအောင်မြင်ခဲ့သည့် ကျောင်းသား၊ ကျောင်းသူများအား ဂုဏ်ပြုဆုချီးမြှင့်ပွဲ ပြုလုပ်

မြင်းခြံ စက်တင်ဘာ ၁၀

မန္တလေးတိုင်းဒေသကြီး အစိုးရအဖွဲ့မှ ထောက်ပံ့ပေးအပ်သည့် ၂၀၂၅ ခုနှစ် တက္ကသိုလ်ဝင်တန်းစာမေးပွဲတွင် မြင်းခြံခရိုင်၌ ထူးချွန်စွာအောင်မြင်ခဲ့သည့် ကျောင်းသား၊ ကျောင်းသူများအား ဂုဏ်ပြုဆုချီးမြှင့်ပွဲ အခမ်းအနားကို ယနေ့နံနက် (၉) နာရီအချိန်က အမှတ် (၁) အခြေခံပညာအထက်တန်းကျောင်း ဧရာဝတီခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။

ရှေးဦးစွာ အမှတ် (၁) အခြေခံပညာအထက်တန်းကျောင်းမှ ကျောင်းသား၊ ကျောင်းသူများက မြန်မာ့ကျောင်း သီချင်းဖြင့် သီဆိုဖျော်ဖြေ၍ အခမ်းအနားကို ဖွင့်လှစ်ခဲ့သည်။ ထို့နောက် မြင်းခြံခရိုင် စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးမင်းမင်းထွန်းက အဖွင့်အမှာစကား ပြောကြားခဲ့သည်။

ယင်းနောက် မန္တလေးတိုင်းဒေသကြီး အစိုးရအဖွဲ့မှ ထောက်ပံ့ပေးအပ်သည့် ၂၀၂၅ ခုနှစ် တက္ကသိုလ်ဝင်တန်းစာမေးပွဲတွင် မြင်းခြံခရိုင်၌ လေးဘာသာ ဂုဏ်ထူးရှင် ၁ ဦး၊ သုံးဘာသာ ဂုဏ်ထူးရှင် ၁ ဦး၊ နှစ်ဘာသာဂုဏ်ထူးရှင် ၇ ဦး၊ တစ်ဘာသာ ဂုဏ်ထူးရှင် ၂၂ ဦး၊ စုစုပေါင်းဂုဏ်ထူးရရှိသူ ၃၁ ဦးတို့အား မြင်းခြံခရိုင်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးမင်းမင်းထွန်းနှင့် ခရိုင်ကော်မတီအဖွဲ့ဝင်များ၊ ခရိုင်ပညာရေးမှူး ဒေါ်ခင်နှင်းအေး၊ မြင်းခြံမြို့နယ် စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးစိုးထွဋ်၊ ခရိုင်/မြို့နယ် အမျိုးသမီးရေးရာအဖွဲ့အဖွဲ့ဝင်များ၊ ခရိုင်/မြို့နယ်မိခင်နှင့်ကလေးစောင့်ရှောက်မှုကြီးကြပ်ရေးအဖွဲ့ အဖွဲ့ဝင်များက ဂုဏ်ပြုကတ်များနှင့် ဆုငွေများ အသီးသီး ပေးအပ်ချီးမြှင့်ခဲ့ကြသည်။

ဂုဏ်ပြုဆုချီးမြှင့်ပွဲအပြီးတွင် အမှတ် (၁) အခြေခံပညာ အထက်တန်းကျောင်းမှ ကျောင်းသား၊ ကျောင်းသူများက ဇာတိမာန်သီချင်းဖြင့် သီဆိုဖျော်ဖြေခဲ့ကြောင်း သိရသည်။

ကျော်စွာ(မြင်းခြံ)