လိပ်သိုမြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ရုံးရှေ့နံရံကပ်ပြဘုတ်၌ လူကုန်ကူးမှုအန္တရာယ် တားဆီးကာကွယ်ရေး အသိ ပညာပေး နံရံကပ်စာစောင်ပြသ

လိပ်သို စက်တင်ဘာ ၁၀

ကရင်ပြည်နယ်၊ သံတောင်ကြီးမြို့နယ်၊ လိပ်သိုမြို့ရှိ ဒေသနေပြည်သူများနှင့် ကျောင်းသား၊ ကျောင်းသူများ မိမိကိုယ်ကျိုးစီးပွားအတွက် လူအချင်းချင်းအပေါ် လူကုန်ကူးကာ အမြတ်ထုတ်စီးပွားရှာခြင်းသည် အလွန်ဆိုးရွားကြောင်း သိရှိနိုင်စေရန်ရည်ရွယ်၍ လူကုန်ကူးမှုအန္တရာယ်တားဆီးကာကွယ်ရေး အသိပညာပေးနံရံကပ်စာစောင် ပြသခြင်းကို မြို့ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံး ရှေ့နံရံကပ်ပြဘုတ်၌ စက်တင်ဘာ ၁၀ ရက်နေ့ နံနက်ပိုင်းက ပြသဆောင်ရွက်ခဲ့ကြောင်း သိရသည်။

အဆိုပါ အသိပညာပေးနံရံကပ်စာစောင်တွင် လူကုန်ကူးသည်ဟုဆိုရာတွင် သိမ်းသွင်းစုဆောင်းခြင်း၊ ရွေ့လျားခြင်းနှင့် သယ်ယူပို့ဆောင်ခြင်း၊ ခေါင်းပုံဖြတ်ခြင်းတို့သည် လူကုန်ကူးမှု၏ အစိတ်အပိုင်းများပင်ဖြစ်ကြောင်း၊ လူကုန်ကူးမှုဖြစ်ပေါ်လာပုံနှင့် တွန်းအားပေး ချက်များ၊ ကမ္ဘာတစ်ဝှမ်း လူကုန်ကူးခံရမှုအခြေအနေ၊ မြန်မာနိုင်ငံ၏ လူကုန်ကူးမှုတားဆီးကာကွယ်ရေးဆိုင်ရာ နည်းဗျူဟာ (၄) ရပ်၊ လူကုန်ကူးခံရနိုင်သူများ၊ လူကုန်ကူးခံရသူကို အကူအညီပေးရမည့် လိုအပ်ချက်များ၊ လူကုန်ကူးမှုအန္တရာယ်တားဆီးကာကွယ်ရေး အသိပညာပေး ရုပ်ပြကာတွန်းများ စသည့်အကြောင်းအရာများကို ပြသထားရာ ဒေသနေပြည်သူများနှင့် ကျောင်းသား၊ ကျောင်းသူများက စိတ်ပါဝင်စားစွာ လေ့လာကြည့်ရှုခဲ့ကြပြီး သိရှိလိုသည်များအား မေးမြန်းခဲ့ရာ မြို့ဦးစီးမှူးက ပြန်လည်ဖြေကြားပေးခဲ့ကြောင်း သိရသည်။

လိပ်သိုမြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနအနေဖြင့် ပြည်သူများ၊ ကျောင်းသား၊ ကျောင်းသူများ အသိပညာဗဟုသုတတိုးပွားစေရန်အတွက် လစဉ်အခါအားလျော်စွာ အသိပညာပေး နံရံကပ်စာစောင်များကို ပြသဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။

နော်ဖလောရင်း