မင်္ဂလာဒုံ စက်တင်ဘာ ၁၀
လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာနမှ “လူမှုဘဝပြည့်စုံဖို့ နိုင်ငံသားကတ်ကိုင်ကြစို့” ဆောင်ပုဒ်နှင့်အညီ ရန်ကုန်တိုင်းဒေသကြီး၊ မင်္ဂလာဒုံမြို့နယ်၌ ပန်းခင်းစီမံချက်အဆင့်(၃)ဖြင့် အိမ်ထောင်စုလူဦးရေစာရင်း၊ နိုင်ငံသားစိစစ်ရေးကတ်ပြားများနှင့် ဇီဝဆိုင်ရာအချက်အလက်များ စိစစ်ကောက်ယူ၍ UID နံပါတ်ထုတ်ပေးခြင်းတို့ကို ယမန်နေ့ နံနက်ပိုင်းက ပဲခူးလမ်းရပ်ကွက်နှင့် ပစံပြရပ်ကွက်သို့ မြေပြင်ကွင်းဆင်းဆောင်ရွက်ပေးခဲ့သည်။
ထိုသို့ ဆောင်ရွက်ပေးရာတွင် ဒုလဝကမှူး ဦးကျော်မင်းထွန်းနှင့်အဖွဲ့သည် ထောက်ကြန့်-ပဲခူးလမ်း ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံးတွင် ပန်းခင်းစီမံချက်အဆင့်(၃)ဖြင့် အိမ်ထောင်စုစာရင်း စိစစ်ဆောင်ရွက်ခြင်းနှင့် နိုင်ငံသားစိစစ်ရေးကတ်ပြားများထုတ်ပေးခြင်းကို ပြည်သူများလက်ဝယ်အရောက် ပေးအပ်ခဲ့ကြပြီး ဒုလဝကမှူး ဦးရဲသီဟဇော်ဦးဆောင်သော အဖွဲ့က ပစံပြရပ်ကွက်တွင် ရပ်ကွက်အတွင်းရှိ ပြည်သူများအား Biometric အချက်အလက်စာရင်းများ စိစစ်ကောက်ယူ၍ UID (Smart Cards) ကတ်ပြားများ တစ်ပါတည်းထုတ်ပေးခြင်းတို့ကို ကွင်းဆင်းဆောင်ရွက်ပေးခဲ့ရာ လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန မြို့နယ်ဦးစီးမှူး ဦးမြင့်သူအောင်နှင့် ရပ်ကွက်အုပ်ချုပ်ရေးမှူးတို့က လိုအပ်သည်များကို ပံ့ပိုးကူညီဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
မင်းသိန်းထွန်း