ကျောက်ပန်းတောင်း စက်တင်ဘာ ၁၀
မန္တလေးတိုင်းဒေသကြီး၊ ညောင်ဦးခရိုင် ကျောက်ပန်းတောင်းမြို့နယ် မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲက မြန်မာအီလက်ထရောနစ် (MEVM) မဲပေးစက်အကြောင်း အသိပညာပေးခြင်းနှင့် လက်တွေ့စမ်းသပ်မဲပေးမှု သရုပ်ပြခြင်းများကို စက်တင်ဘာ ၉ ရက်နေ့ မွန်းလွဲ ၃ နာရီက ဆည်ပေါက်ကျေးရွာအုပ်စု၊ ဆည်ပေါက်ကျေးရွာ ရွာလယ်ဓမ္မာရုံတွင် ပြုလုပ်ခဲ့သည်
အခမ်းအနားတွင် မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲဥက္ကဋ္ဌ ဦးရန်မျိုးနိုင်က မိတ်ဆက်အမှာစကားပြောကြားပြီး မြို့နယ်ရွေးကောက်ပွဲအရာရှိ ဦးဇင်မောင်က မြန်မာအီလက်ထရောနစ် (MEVM) မဲပေးစက် ဖြင့် ဆန္ဒမဲပေးခြင်းလုပ်ငန်းစဉ်များကို ရှင်းလင်းပြောကြား၍ တက်ရောက်လာသည့် ရပ်မိ၊ ရပ်ဖများနှင့် ကျေးရွာပြည်သူများက မေးမြန်းသည်များကို ပြန်လည်ရှင်းလင်း ဖြေကြားသည်။ ဆက်လက်၍ ရပ်မိ၊ ရပ်ဖများနှင့် ကျေးရွာပြည်သူများက မဲပေးစက်ဖြင့် ဆန္ဒမဲပေးခြင်းကို ကိုယ်တိုင် လက်တွေ့စမ်းသပ်ဆောင်ရွက်ကြပြီးနောက်၊ မြို့နယ်ရွေးကောက်ပွဲ အရာရှိက Printer မှ ထွက်ရှိလာသည့် မဲစာရင်းဖြင့် ဆန္ဒပြုသူအရေအတွက် တိုက်ဆိုင် စစ်ဆေးခြင်းနှင့် ကိုယ်စားလှယ်လောင်း တစ်ဦးချင်းစီ၏ ဆန္ဒမဲ လက်မှတ်များစိစစ်၍ မဲရလဒ် ထုတ်ပြန်ခြင်းများကို ရှင်းလင်းပြသခဲ့သည်။ အဆိုပါ အသိပညာပေးနှင့် စမ်းသပ်မဲပေးပွဲသို့ ညောင်ဦးခရိုင်ကော်မရှင်အဖွဲ့ဝင် ဦးနိုင်ဦး၊ မြို့နယ်ရွေးကောက်ပွဲကော်မရှင်ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ ဆည်ပေါက်ကျေးရွာ အုပ်စုကော်မရှင်အဖွဲ့ဝင်များနှင့် မဲဆန္ဒရှင်ပြည်သူများ စုစုပေါင်း (၂၇၃)ဦး တက်ရောက်ခဲ့ကြောင်း သိရသည်။
နေအောင်(ပြန်/ဆက်)