မန္တလေး စက်တင်ဘာ ၁၀
မန္တလေးငလျင်ကြီးလှုပ်ခတ်မှုကြောင့် ပြိုကျပျက်ဆီးခဲ့သည့် ပြည်ကြီးတံခွန်မြို့နယ်၊ တံခွန်တိုင်(မြောက်ဥယျာဉ်)ရပ်၊ ရန်အောင်မင်္ဂလာလမ်းရှိ ဓမ္မဝါဒီ ကမ္ဘောဇသီလရှင်စာသင်တိုက် နှစ်ထပ်ကျောင်းဆောင် အသစ်ပြန်လည်တည်ဆောက်ရန်အတွက် အလှူငွေပေးအပ်ပွဲနှင့် ပန္နက်တင်မင်္ဂလာအခမ်းအနားကို စက်တင်ဘာလ ၉ ရက်နေ့နံနက် ၉ နာရီက အဆိုပါ ကျောင်းတွင်ကျင်းပပြုလုပ်ခဲ့သည်။
အခမ်းအနားသို့ မဟာဓမ္မကထိက ဟိတဓရ ပေါ်ကြိုဆရာတော် ဒေါက်တာဒေဝိန္ဒ၊ မြို့နယ်သံဃာ့နာယကအဖွဲ့ဥက္ကဋ္ဌ၊ ရွှေပြည်မစိုးရိမ်ကျောင်းဆရာတော် ဘဒ္ဒန္တဣန္ဒက၊ ဗီယက်နမ်ဆရာတော် သဒ္ဓမ္မဇောတိကဓဇ ဦးဝိမလအမှူးပြုသော ပင့်သံဃာတော်များ၊ ခရိုင်သာသနာရေးမှူး ဦးအောင်မင်းနှင့်ဌာနဆိုင်ရာတာဝန်ရှိသူများ၊ မြို့မိမြို့ဖများ၊ ဂေါပကအဖွဲ့များမှတာဝန်ရှိသူများ၊ အလှူရှင်များနှင့်ဖိတ်ကြားထားသူများ၊ဓမ္မဝါဒီကမ္ဘောဇ သီလရှင် ဖစာသင်တိုက် ဆရာလေးဒေါ်ဓမ္မစာရီနှင့် သီလရှင်များတက်ရောက်ကြသည်။
အစီအစဉ်အရ “နမောတဿ” သုံးကြိမ် ရွတ်ဆိုဘုရားကန်တော့၍ အခမ်းအနားဖွင့်ပေးကြပြီး မဟာဓမ္မကထိကဟိတဓရ ပေါ်ကြိုဆရာတော် ဒေါက်တာဒေဝိန္ဒထံမှ ပရိတ်သတ်များက (၈)ပါး သီလခံယူ ဆောက်တည်ကြသည်။ ထို့နောက် အလှူရှင်များကိုယ်စား ဗီယက်နမ်ဆရာတော် သဒ္ဓမ္မဇောတိကဓဇ ဦးဝိမလက ကျောင်းဆောင်ဆောက်လုပ် လှူဒါန်းရခြင်းအကြောင်းရှင်းလင်း မိန့်ကြားကာ ဓမ္မဝါဒီကမ္ဘောဇ သီလရှင်စာသင်တိုက် ဆရာလေးဒေါ်ဓမ္မစာရီက ကျေးဇူးတင်စကားပြောကြားခဲ့သည်။
၎င်းနောက် ဖားအောက်တောရ ဆရာတော်ဘုရားကြီးအား အမှူးထား၍ ဖားအောက်တောရ (ပြင်ဦးလွင်)ငလျင်ကူညီရေးအလှူရှင်များအဖွဲ့က ကျောင်းဆောင်တည်ဆောက်ရေးအတွက် အလှူတော်ငွေကျပ်သိန်း(၂၀၀၀)၊ ဗီယက်နမ်ဆရာတော် သဒ္ဓမ္မဇောတိကဓဇ ဦးဝိမလနှင့် ဗီယက်နမ်အလှူရှင်များက ပထမအကြိမ် အလှူတော်ငွေကျပ် သိန်း(၁၅၀၀)၊ဦးစိုင်းမောင်ထွန်း+ ဒေါ်နန်းမြစိန် အွန်ဟော်ကုမ္ပဏီ မိသားစုက အလှူတော်ငွေကျပ် သိန်း (၃၀၀)၊ ဦးချစ်စိန်+ ဒေါ်နန်းအေးထွေး (သား) ဝေယံလင်းထက်(ခ)ချန့်ချန့် AT- ဝေယံသိန်းကုမ္ပဏီ မိသားစုက အလှူတော်ငွေကျပ်သိန်း (၃၀၀) ကျပ်၊ ဒေါ်ခင်ခင်ရီ ရှိုင်းဟုပ်ကုမ္ပဏီက အလှူငွေကျပ် သိန်း(၁၀၀)၊ ကွယ်လွန်သူ (ဒေါ်နန်းနှင်းနီလာ)အား ရည်စူး၍ ဦးစိုင်းအိုက်အောင် မိသားစုက အလှူတော်ငွေကျပ် သိန်း(၅၀)ကျပ်၊ ဦးစိုင်းတင်သန်းဦး+ ဒေါ်နန်းအဲဆော (သမီး)ကိုစိုး+ မနန်းဆိုင်နွန်း (သား) စိုင်းကျော်ကျော်နိုင်မိသားစုက အလှူတော်ငွေကျပ်သိန်း(၅၀)၊ မန္တလေးမြို့၊ ကျွဲဆည်ကန်နေ မိခင်ကြီးဒေါ်အမာ အမှုးထား၍ ဦးစိုင်းအောင်မိန်း+ဒေါ်နန်းခမ်းအေး မိသားစု ONE STAR လယ်ယာသုံးပစ္စည်းအရောင်းဆိုင်က အလှုတော်ငွေ ကျပ်သိန်း(၅၀)တိုကို အသီးသီး ပေးအပ်လှူဒါန်းကြရာ သီလရှင်ဆရာလေး ဒေါ်ဓမ္မစာရီက လက်ခံရယူသည်။
ဆက်လက်၍ ဆရာတော်သံဃာတော်များ လှူဖွယ်ဝတ္ထုများ ဆက်ကပ်လှူဒါန်းကြပြီး ဆရာတော်၊ သံဃာတော်မျာက မေတ္တာသုတ် ပရိတ်တရားတော်များ ရွတ်ဖတ်သရဇ္ဇာယ်ကြကာ လှူဒါန်းမှု အစုစုအတွက် ရေစက်သွန်းချ အမျှပေးဝေကြသည်။
ယင်းနောက် ဆရာတော်အရှင်သူမြတ်များ၊အလှူရှင်များက သတ်မှတ်နေရာအသီးသီး၌ ပန္နက်ရိုက်ပေးကြပြီး “ဗုဒ္ဓသာသနံစိရံတိဌတု” သုံးကြိမ်ရွတ်ဆိုဆုတောင်းကာ အခမ်းအနားရုပ်သိမ်းလိုက်ကြောင်း သိရသည်။
မြင့်မော်ထွန်း(အောင်စံ၊ပြန်/ဆက်)