မိုးနဲ စက်တင်ဘာ ၁၀
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ နမ့်စန်ခရိုင်၊ မိုးနဲမြို့နယ် မယ်ဇလီမြိုင်ကျေးရွာအုပ်စု အမှတ်(၈) မယ်ဇလီမြိုင် အခြေခံပညာမူလတန်းကျောင်း၌ လူကုန်ကူးမှုတိုက်ဖျက်ရေးနေ့ အထိမ်းအမှတ်အကြိုအဖြစ် ယနေ့နံနက် ၉ နာရီအချိန်က ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ ပူးပေါင်းကာ စာဖတ်ရှိန်မြှင့်တင်ရေးဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ဦးစွာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဒုတိယဦးစီးမှူး ဒေါ်နန်းမွမ်းဆိုင်က စာဖတ်ရှိန်မြှင့်တင်ရေး ကွင်းဆင်းဆောင်ရွက်ရခြင်း၏ ရည်ရွယ်ချက်ကို ရှင်းလင်းပြောကြားခဲ့သည်။ အဆိုပါ စာဖတ်ရှိန်မြှင့်တင်ရေး ဆောင်ရွက်လိုက်ခြင်းကြောင့် ကျောင်းသား/သူများအနေဖြင့် အသိပညာဗဟုသုတ အသစ်များရရှိခြင်း၊ ကာယ၊ ဉာဏ၊ စာရိတ္တနှင့်ပြည့်စုံစေခြင်း၊ ကျောင်းစာကြည့်တိုက်အပြင် ပြင်ပစာအုပ်စာစောင်များ လွယ်လင့်တကူဖတ်ရှုနိုင်ခြင်း၊ စာဖတ်သည့် အလေ့အကျင့်ကောင်းများရရှိခြင်း၊ စာကြည့်တိုက်၏ အရေးပါပုံကိုသိရှိခြင်း၊ အားလတ်သောအချိန်ကို အကျိုးရှိစွာ အသုံးချနိုင်ခြင်း၊ အမှားအမှန်ဝေဖန်ပိုင်းခြားနိုင်လာခြင်း၊ အသိပညာကြွယ်ဝလာခြင်း၊ စသည့်အကျိုးကျေးဇူးများရရှိမည်ဖြစ်ပြီး ပြည်သူ့စာကြည့်တိုက်အနေဖြင့်လည်း စာကြည့်တိုက်လုပ်ငန်းများ ပိုမိုတွင်ကျယ်လာခြင်း၊ စာငှားစာဖတ်ပရိတ်သက်တိုးပွားလာခြင်း၊ စာဖတ်ရှိန်မြှင့်တင်ရေးဆောင်ရွက်နိုင်ခြင်းစသည့် အကျိုးကျေးဇူးများစွာရရှိမည်ဖြစ်သည်။
ဆက်လက်၍ ကျောင်းသား/သူလေးများအား လူကုန်ကူးမှုအန္တရာယ် တားဆီးကာကွယ်ရေး အသိပညာပေးနံရံကပ်စာစောင်အား ပြသခဲ့ရာ စိတ်ပါဝင်စားစွာ ကြည့်ရှုလေ့လာခဲ့ကြောင်း သိရသည်။
မိုးနဲမြို့နယ် ပြည်သူ့စာကြည့်တိုက်အနေဖြင့် စာငှားစာဖတ်သူတိုးပွားရေး မိုဘိုင်း Library စနစ်ဖြင့် စာအုပ်စာစောင်များ အခမဲ့ကွင်းဆင်းငှားရမ်းခြင်း၊ စာဖတ်ရှိန်မြှင့်တင်ရေး ဟောပြောပွဲများဆောင်ရွက်ခြင်း၊ စာအုပ်ပြပွဲများ ဆောင်ရွက်ခြင်းတို့အပြင် အွန်လိုင်းအသိပညာပေးလုပ်ငန်းများကိုပါ အများပြည်သူများသိရှိစေရန် စဉ်ဆက်မပြတ်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
ဇင်ကိုကို