နေပြည်တော် စက်တင်ဘာ ၁၀
နေပြည်တော်ကောင်စီဝင် ဦးမြင့်စိုးသည် တာဝန်ရှိသူများနှင့်အတူ ယမန်နေ့နံနက်ပိုင်းတွင် ပျဉ်းမနားမြို့နယ်၊ TD ပုဂ္ဂလိကမူကြိုကျောင်း၊ ကြယ်ဥယျာဥ်မူကြိုကျောင်းနှင့် ယမန်နေ့မွန်းလွဲပိုင်းတွင် လယ်ဝေးမြို့နယ်အတွင်းရှိ Full Moon Private Schoolနှင့် ဒက္ခိဏသီရိမြို့နယ်အတွင်းရှိ Pioneer Advanced Preschool စသည့် မူလတန်းကြိုကျောင်းများ တည်ထောင်ခွင့်ပြုမိန့် ဒုတိယအကြိမ် သက်တမ်းတိုးမြှင့်ခွင့်ရရှိနိုင်ရေး ကွင်းဆင်းကြည့်ရှုစစ်ဆေးခဲ့သည်။
ထိုသို့ကွင်းဆင်းစစ်ဆေးရာတွင် နေပြည်တော်ကောင်စီဝင်က တည်ထောင်ခွင့်ပြုမိန့် ရရှိထားသောကျောင်းများအား သက်တမ်းမကုန်မီ သက်တမ်းတိုးများ လျှောက်ထားနိုင်ရေးအတွက် အသိပေးခြင်းများပြုလုပ်သွားရန်၊ ကလေးသူငယ်များ ဖွံ့ဖြိုးတိုးတက်မှုရရှိစေရေးအတွက် အချိန်နှင့်တပြေးညီ ဆောင်ရွက်ကြရန်၊ မူကြိုပညာရေးသည် ကလေးငယ်များ၏ အနာဂတ်ဖွံ့ဖြိုးရေးအတွက် အခြေခံအုတ်မြစ်ဖြစ်သောကြောင့် ၎င်းတို့၏အရည်အသွေးကို မြှင့်တင်ဆောင်ရွက်ပေးရန်၊ ကျောင်းသုံးပစ္စည်းများ ပြည့်စုံစွာထောက်ပံ့ပေးရန်နှင့် မိဘများအား ပညာရေးတွင် ပိုမိုပါဝင်လာစေရေး အလေးထားဆောင်ရွက်သွားရန်၊ သင်ကြားရေးနှင့် သင်ယူမှုပတ်ဝန်းကျင်ကောင်းမွန်စေခြင်းဖြင့် ကလေးဗဟိုပြုသင်ခန်းစာများနှင့် သင်ထောက်ကူပစ္စည်းများ ပြည်စုံစွာထားရှိပေးရန်၊ နည်းပညာနှင့်အညီ ခေတ်မီပညာရေး နည်းစနစ်များကို ကလေးများအရွယ်နှင့် ကိုက်ညီစွာမိတ်ဆက်သင်ကြားပေးရေးနှင့် ကလေးသူငယ်ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းစဉ်များအတွက် အားလုံးပူးပေါင်းပါဝင် ဆောင်ရွက်ကြလိုကြောင်း ပြောကြားခဲ့ပြီး တာဝန်ရှိသူများ၏ တင်ပြချက်များအပေါ် လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
အောင်သူရဦး(ပြန်/ဆက်)