မင်္ဂလာဒုံမြို့နယ်၌ မဲရုံတည်ဆောက်မည့် သတ်မှတ်နေရာများအား ကြည့်ရှုစစ်ဆေး

မင်္ဂလာဒုံ စက်တင်ဘာ ၉

ရန်ကုန်တိုင်းဒေသကြီး မင်္ဂလာဒုံမြို့နယ်ရှိ မဲဆန္ဒရှင်ပြည်သူများ လွယ်ကူစွာဆန္ဒမဲပေးနိုင်ရေးအတွက် ခရိုင်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးကောင်းညွန့်နှင့် တာဝန်ရှိသူများလိုက်ပါသောအဖွဲ့သည် မြို့နယ်အတွင်း မဲရုံတည်ဆောက်မည့်သတ်မှတ်နေရာများအား ယမန်နေ့မွန်းလွဲ ၁ နာရီတွင် ကွင်းဆင်းကြည့်ရှုစစ်ဆေးကြသည်။

ထိုသို့ ကွင်းဆင်းကြည့်ရှုစစ်‌ဆေးရာတွင် ခရိုင်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးကောင်းညွန့်၊ မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးထူး‌ကျော်နှင့် အဖွဲ့ဝင် ဗိုလ်မှူးဝင်းကျော်ဦး၊ မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲမှ မြို့နယ်ရွေးကောက်ပွဲအရာရှိ ဒေါ်စိမ်းလဲ့စောလွင်နှင့် တာဝန်ရှိသူများက မြို့နယ်အတွင်း ဆန္ဒမဲပေးပိုင်ခွင့်ရှိသူများအားလုံး လွယ်ကူစွာမဲပေးနိုင်ရေးအတွက် ရပ်ကွက်/ကျေးရွာများအလိုက် မဲရုံတည်ဆောက်မည့်မြေနေရာများ၊ အဆောက်အဦများ လျာထားမှုအခြေအနေကို ကွင်းဆင်းကြည့်ရှုစစ်ဆေးခဲ့ရာ သက်ဆိုင်ရာရပ်ကွက်အုပ်ချုပ်ရေးမှူးများနှင့် ရပ်ကွက်ကော်မရှင်အဖွဲ့ခွဲ၏ တင်ပြချက်များကို ပေါင်းစပ်ညှိနှိုင်းပြီး လိုအပ်သည်များကို လမ်းညွှန်မှာကြားခဲ့သည်။

မင်္ဂလာဒုံမြို့နယ်တွင် မြို့ပေါ်(၂၇)ရပ်ကွက်၊ ကျေးရွာအုပ်စု(၅)အုပ်စုရှိပြီး ဆန္ဒမဲပေးပိုင်ခွင့်ရှိသူ မဲဆန္ဒရှင်ပြည်သူများအားလုံး လွယ်ကူစွာဆန္ဒမဲပေးနိုင်ရေးအတွက် မဲရုံ(၁၄၄)ရုံ သတ်မှတ်လျာထားကြောင်း သိရသည်။

မင်းသိန်းထွန်း