စဉ့်ကိုင်မြို့နယ် သင်္ဂတုံကျေးရွာ၌ မြန်မာအီလက်ထရောနစ်မဲပေးစက်အကြောင်း အသိပညာပေးခြင်းနှင့် လက်တွေ့ စမ်းသပ်မဲပေး

စဉ့်ကိုင် စက်တင်ဘာ ၉

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ စဉ့်ကိုင်မြို့နယ် မြို့နယ်ရွေးကောက်ပွဲကော်မရှင် အဖွဲ့ခွဲရုံးမှ ပါတီစုံအထွေထွေရွေးကောက်ပွဲတွင် ဆန္ဒမဲပေးကြမည့် မဲဆန္ဒရှင်ပြည်သူများအနေဖြင့် မြန်မာအီလက်ထရောနစ်မဲပေးစက် (MEVM) အကြောင်း ကျယ်ကျယ်ပြန့်ပြန့်သိရှိစေရန်နှင့် လွယ်ကူစွာ ဆန္ဒမဲပေးတတ်စေရန် ရည်ရွယ်ကာ အသိပညာပေးခြင်းများ၊ လက်တွေ့စမ်းသပ်မဲပေးခြင်းလုပ်ငန်းများကို အရှိန်အဟုန်မြှင့်တင်‌ဆောင်ရွက်လျက်ရှိရာ စက်တင်ဘာလ ၉ ရက်နေ့ မွန်းလွဲ ၁ နာရီက သင်္ဂတုံကျေးရွာဓမ္မာရုံ၌ ဆက်လက်ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ဦးစွာ မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ မြို့နယ်ရွေးကောက်ပွဲအရာရှိ ဦးအောင်ဆန်းဦးက အဖွင့်အမှာစကားပြောကြားခဲ့ပြီး မြန်မာအီလက်ထရောနစ်မဲပေးစက် (MEVM) ဖြင့် ဆန္ဒမဲပေးခြင်းလုပ်ငန်းစဉ် အဆင့်ဆင့်ကို ရှင်းလင်းပြောကြားသည်။

ထို့နောက် တက်ရောက်လာကြသည့် ပြည်သူများက သိလိုသည်များကို မေးမြန်းကြရာ မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲဥက္ကဋ္ဌနှင့် မြို့နယ်ရွေးကောက်ပွဲ အရာရှိတို့က ပြန်လည်ရှင်းလင်း ဖြေကြားခဲ့သည်။ ယင်းနောက် တက်ရောက်လာကြသူများက မဲပေးစက်ဖြင့် ဆန္ဒမဲပေးခြင်းကို ကိုယ်တိုင်လက်တွေ့စမ်းသပ်ဆောင်ရွက်ကြသည်။

၎င်းနောက် မြို့နယ်ရွေးကောက်ပွဲကော်မရှင်အရာရှိက မဲစာရင်းဖြင့် ဆန္ဒပြုသူအရေအတွက် တိုက်ဆိုင်စစ်ဆေးခြင်းနှင့် ကိုယ်စားလှယ်လောင်းတစ်ဦးချင်းစီ၏ ဆန္ဒမဲလက်မှတ်များ စိစစ်၍ မဲရလဒ်ထုတ်ပြန်ခြင်းများကို သရုပ်ပြသဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ကျော်စွာ(စဉ့်ကိုင်)(၃၉၉)