တိုက်ကြီးမြို့နယ်တွင် လူငယ်များ၏စွမ်းပကားများ စဉ်ဆက်မပြတ်ဖွံ့ဖြိုးတိုးတက်စေရေး အသိပညာပေးဟောပြောပွဲ ကျင်းပ

တိုက်ကြီး စက်တင်ဘာ ၉

ရန်ကုန်တိုင်းဒေသကြီး၊ တိုက်ကြီးမြို့နယ်တွင် လူငယ်များ၏ကိုယ်ရည်ကိုယ်သွေးနှင့် စိတ်ဓာတ်ခွန်အားများတိုးတက်တောက်ပြောင်လာစေရန်၊ လူငယ်များ၏ စွမ်းပကားများ စဉ်ဆက်မပြတ်ဖွံ့ဖြိုးတိုးတက်စေရန်ရည်ရွယ်၍ အခြေခံပညာဦးစီးဌာနနှင့် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနတို့ပူးပေါင်း၍ အသိ ပညာပေးဟောပြောပွဲကို ယနေ့နံနက် ၁၀ နာရီက မင်္ဂလာရပ်ကွက်ရှိ မစိုးရိမ်ကျောင်းတိုက်ဓမ္မာရုံ၌ ကျင်းပသည်။

ဉီးစွာ အခြေခံပညာမူလတန်းလွန်ကျောင်း(မြို့မ ၄)မှ ကျောင်းအုပ်ဆရာကြီးဦးအောင်သန်းမော်က အဖွင့်အမှာစကားပြောကြားပြီး ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိဒေါ်စောဝတ်ရည်က လူငယ်များအား နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်ရေးအတွက်လိုအပ်နေသည့် လူ့စွမ်းအားအရင်းအမြစ်များ စဉ်ဆက်မပြတ်ဖွံဖြိုးတိုးတက်ရေး၊ ငယ်စဉ်ကပင် အသိဉာဏ်ပညာနှင့်ပြည့်စုံစေရန် စာပေဖတ်ရှုသည့်အလေ့အထထူထောင်ပေးခြင်း၊ စာပေမှတစ်ဆင့် အသိပညာဗဟုသုတများဖန်တီးပေးခြင်း၊ မိမိနိုင်ငံ၊ မိမိလူမျိုး၊ မိမိယဉ်ကျေးမှုနှင့် ကိုက်ညီသည့်ကိုယ်ကျင့်တရား၊ ကျင့်ဝတ်စံနှုန်းများတိုးပွားလာအောင် ပြုစုပျိုးထောင်ပေးခြင်းဖြင့် အသိပညာအတတ်ပညာနှင့် ပြည့်စုံသည့်နိုင်ငံ့သားကောင်းလူရည်ချွန်၊ လူရည်မွန်များဖြစ်လာစေမည်ဖြစ်ကြောင်း အသိပညာပေးဟောပြောသည်။

ထို့နောက် ကျောင်းသား/ ကျောင်းသူများအား အသိပညာဗဟုသုတရရှိစေမည့် မူးယစ်ဆေးဝါးတိုက်ဖျက်ရေးနံရံကပ်စာစောင်၊ ယာဉ်စည်းကမ်းလမ်းစည်းကမ်းအသိပညာပေးနံရံကပ်စာစောင်၊ ကလေးအလုပ်သမားပပျောက်ရေးအသိပညာပေးနံရံကပ်စာစောင်နှင့် သုတ/ရသစာအုပ်များကို ပြသဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ဝတ်ရည်(ပြန်/ဆက်)