မိတ္ထီလာ စက်တင်ဘာ ၉
မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့၏ လမ်းညွှန်မှု၊ မိတ္ထီလာခရိုင် စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီ၏ ဦးဆောင်မှုဖြင့် ၂ဝ၂၅ ခုနှစ် တက္ကသိုလ်ဝင်တန်းစာမေးပွဲတွင် ဂုဏ်ထူးဖြင့် ထူးချွန်စွာအောင်မြင်ခဲ့သော ကျောင်းသူ၊ ကျောင်းသားများအား ခရိုင်အဆင့် ဂုဏ်ပြုဆုချီးမြှင့်ပွဲအခမ်းအနားကို စက်တင်ဘာ ၉ ရက်နေ့နံနက် ၁ဝနာရီက မိတ္ထီလာမြို့ ကန်တော်မင်္ဂလာခန်းမတွင် ကျင်းပခဲ့ကြောင်း သိရသည်။
အဆိုပါအခမ်းအနားတွင် ဦးစွာ ခရိုင်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးအောင်မြင့်ဦးက အဖွင့်အမှာစကားပြောကြားပြီး (၄)ဘာသာဂုဏ်ထူးရ ကျောင်းသူ၊ ကျောင်းသားများထံသို့ ဂုဏ်ပြုဆုငွေများနှင့် ဂုဏ်ပြုမှတ်တမ်းလွှာများကို ပေးအပ်ချီးမြှင့်သည်။
ဆက်လက်၍ ဂုဏ်ပြုဆုချီးမြှင့်ပွဲကို ကျင်းပရာ ခရိုင်အတွင်းမှ ဂုဏ်ထူးရကျောင်းသူကျောင်းသားများထံသို့ ဂုဏ်ပြုငွေများနှင့် ဂုဏ်ပြုမှတ်တမ်းလွှာများကို မိတ္ထီလာတပ်နယ်မှ တပ်မတော်အရာရှိကြီးများ၊ တက္ကသိုလ်များမှ ပါမောက္ခချုပ်များနှင့်ပညာရေးဒီဂရီကောလိပ်မှ ကျောင်းအုပ်ကြီး၊ ခရိုင်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဝင်များ၊ မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌများနှင့်အဖွဲ့ဝင်များ၊ ခရိုင်နှင့်မြို့နယ်ဌာနဆိုင်ရာတာဝန်ရှိသူများ ပေးအပ်ချီးမြှင့်ခဲ့သည်။
ဆက်လက်၍ (၄) ဘာသာဂုဏ်ထူးရ ကျောင်းသူ၊ ကျောင်းသားများကိုယ်စား ကျောင်းသူ မမင်းမင်းသူက ကျေးဇူးတင်စကား ပြောကြားသည်။ အဆိုပါအခမ်းအနားတွင် ဘက်စုံပညာကိုရည် တို့လှမ်းချီ၊ အောင်မြင်ပါစေ မြန်မာပြည်၊ ဇာတိမာန် သီချင်းများဖြင့် ကျောင်းသူ၊ ကျောင်းသားများက သီဆိုကပြဖျော်ဖြေခဲ့သည်။ ၎င်းဂုဏ်ပြုဆုချီးမြှင့်ပွဲအခမ်း အနားတွင် ၄ ဘာသာဂုဏ်ထူးရ ၁၈၇ ဦး၊ ၃ ဘာသာဂုဏ်ထူးရ ၈၂၁ ဦး၊ ၂ ဘာသာဂုဏ်ထူးရ ၅၃၀ ဦး၊ ၁ ဘာသာဂုဏ် ၇၆၁ ဦး စုစုပေါင်း ဂုဏ်ထူးရကျောင်းသူ၊ ကျောင်းသား ၂၂၉၉ ဦးအတွက် ဂုဏ်ပြုချီးမြှင့်ငွေ စုစုပေါင်း ၁၀၀၆၄၀၀၀၀ ကျပ်ကို ပေးအပ်ချီးမြှင့်ခဲ့ကြောင်း သိရသည်။
ချမ်းသာ