ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးထိန်လင်း ဘဏ္ဍာငွေအရအသုံးခန့်မှန်းခြေငွေစာရင်းများ ရေးဆွဲတင်ပြခြင်းနှင့်စပ်လျဉ်းသည့် ညှိနှိုင်းအစည်းအဝေးတက်ရောက်

စစ်တွေ   စက်တင်ဘာ ၉

(၈၆)နှစ်မြောက် ဆရာတော်ဦးဥတ္တမနေ့အထိမ်းအမှတ် ဆရာတော်၏ရုပ်ထုအား လွမ်းသူပန်းခွေချ ဂါရဝပြုကန်တော့ခြင်းကို စက်တင်ဘာ ၉ ရက်နေ့ နံနက် ၇ နာရီက စစ်တွေမြို့၊ ဦးဥတ္တမပန်းခြံရှိ ဆရာတော် ဦးဥတ္တမရုပ်ထုရှေ့၌ ပြုလုပ်ရာ ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးထိန်လင်း၊ ပြည်နယ်တရားလွှတ်တော် တရားသူကြီးချုပ်၊ ပြည်နယ်အစိုးရအဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများ၊ တိုင်းရင်းသားလူငယ်မောင်မယ်များ တက်ရောက်ကြသည်။

ဦးစွာ ဆရာတော်အားရည်စူး၍ လွမ်းသူပန်းခွေချ ဂါရဝပြုကန်တော့ရန်ရောက်ရှိလာကြသော ရခိုင်ပြည်နယ်ဝန်ကြီးချုပ်၊ ပြည်နယ် တရားလွှတ်တော် တရားသူကြီးချုပ်နှင့်အဖွဲ့သည် ရခိုင်စည်တော်တီး၍ ဆရာတော်၏ရုပ်ထုအား လက်ယာရစ်လှည့်လည်ပူဇော်ကြသည်။ ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် လွမ်းသူပန်းခွေချကာ ဦးချကန်တော့ကြပြီး တိုင်းရင်းသားလူငယ်များက ဆရာတော်ဦးဥတ္တမ၏ အတ္ထုပ္ပတ္တိနှင့်ပတ်သက်၍ ရှင်းလင်း ဆွေးနွေးပြောကြားကြသည်။

ဆရာတော် ဦးဥတ္တမသည် ၁၉၃၉ ခုနှစ် စက်တင်ဘာ ၉ ရက်နေ့တွင် ရန်ကုန်မြို့၌ ပျံလွန်တော်မူခဲ့ရာ ယနေ့ဆိုလျှင်(၈၆)နှစ်တိုင်တိုင်ရှိခဲ့ပြီဖြစ်သည်။ ဆရာတော်သည် မြန်မာတစ်နိုင်ငံလုံး လွတ်လပ်ရေး ရရှိရန်အတွက် ကြိုးပမ်းခဲ့သောကြောင့် မြန်မာ့လွတ်လပ်ရေး မီးရှူး တန်ဆောင် အာရှနေဝန်းအဖြစ် အသိအမှတ်ပြုခြင်းခံရသည့် ပုဂ္ဂိုလ်ဖြစ်ကြောင်းသိရသည်။

ထို့နောက် ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးထိန်လင်းသည် ရခိုင်ပြည်နယ်အစိုးရအဖွဲ့ရုံး အစည်းအဝေးခန်းမ၌ ကျင်းပသော ရခိုင်ပြည်နယ်၏ ၂၀၂၆-၂၀၂၇ ဘဏ္ဍာရေးနှစ် ပြည်နယ်အဆင့်ဌာန၊ အဖွဲ့အစည်းများ၏ ဘဏ္ဍာငွေအရအသုံးခန့်မှန်းခြေငွေစာရင်းများ ရေးဆွဲတင်ပြ ခြင်းနှင့်စပ်လျဉ်းသည့် ညှိနှိုင်းအစည်းအဝေးတက်ရောက်သည်။

ညှိနှိုင်းအစည်းအဝေးတွင် ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးထိန်လင်းက ပြည်နယ်ဘဏ္ဍာ ရန်ပုံငွေတွင် ပါဝင်သောဌာန၊ အဖွဲ့အစည်းများအနေဖြင့် ရငွေများကို အမှန်တကယ်ရရှိနိုင်မည့် ငွေပမာဏနှင့် နီးစပ်အောင် ခန့်မှန်းလျာထားရန်လိုကြောင်း၊ ရသင့်ရထိုက်သော ရငွေများ အပြည့်အဝရရှိစေရေး၊ အခွန်အခများနှင့်ပတ်သက်၍ ခေတ်ကာလနှင့်ဆီလျော်သော နှုန်းထားများဖြစ်စေရေး၊ လျာထားရငွေများ အပြည့်အဝကောက်ခံရရှိရေး၊ နှစ်ဟောင်းကြွေးကျန်များ ပြန်လည်ရရှိရေး၊ ရငွေများအား သက်ဆိုင်ရာဌာနစာရင်းသို့ အချိန်နှင့်တစ်ပြေးညီ မှန်ကန်စွာ ပေးသွင်းရေးတို့ကို ဌာနအကြီးအကဲများအနေဖြင့် ကြီးကြပ်ဆောင်ရွက်ရမည်ဖြစ်ကြောင်း၊ အသုံးစရိတ်အတွက် လုံလောက်သည့် ရန်ပုံငွေကို လျာထားသတ်မှတ်ပြီး သုံးစွဲငွေသည် သက်ဆိုင်ရာဘဏ္ဍာရေးစည်းမျဉ်းများနှင့်အညီဖြစ်ရန်လိုကြောင်း၊ ထို့ကြောင့် ထိရောက်ကောင်းမွန်သော ပြည်သူ့ဘဏ္ဍာရေးစီမံခန့်ခွဲမှုဖြင့် နိုင်ငံတော်က ရည်မှန်းဆောင်ရွက်လျက်ရှိသည့် မူဝါဒ၊ ရည်မှန်းချက်၊ လုပ်ငန်း စဉ်များကို စွမ်းဆောင်ရည်ပြည့်ဝစွာ အကောင်အထည်ဖော်ဆောင်ရွက်နိုင်ရေးအတွက် ၂၀၂၆-၂၀၂၇ ဘဏ္ဍာရေးနှစ်အတွက် ရငွေများကို လျာထားသည့်အတိုင်း အပြည့်အဝကောက်ခံရရှိရေးနှင့် လျာထားသည့် အသုံးစရိတ်များအား ထိရောက်အကျိုး ရှိစွာသုံးစွဲနိုင်ရန် ပြည်နယ်အစိုးရအဖွဲ့အနေဖြင့် ကြီးကြပ်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။

ယင်းနောက် ပြည်နယ်စီးပွားရေးရာဝန်ကြီးက ရခိုင်ပြည်နယ်၏ ၂၀၂၆-၂၀၂၇ ဘဏ္ဍာရေးနှစ်၊ ပြည်နယ်အဆင့်ဌာန၊ အဖွဲ့အစည်းများ၏ ဘဏ္ဍာငွေအရအသုံးခန့်မှန်း ခြေငွေစာရင်းများ ရေးဆွဲတင်ပြခြင်းနှင့်စပ်လျဉ်း၍ လိုက်နာဆောင်ရွက်ရမည့်အချက်များကို ဆွေးနွေးတင်ပြပြီး ပြည်နယ်ရသုံးမှန်းခြေငွေစာရင်းဦးစီးဌာန၊ ပြည်နယ်ဦးစီးမှူးက သာမန်‌အသုံးစရိတ်နှင့် ပြည်နယ်စီမံကိန်းရေးဆွဲရေးဦးစီးဌာန၊ ပြည်နယ်ဦးစီးမှူးက ငွေလုံးငွေရင်းအသုံးစရိတ်ကိစ္စများနှင့် ပတ်သက်၍ ရှင်းလင်းတင်ပြကြသည်။

ထို့နောက် ပြည်နယ်အစိုးရအဖွဲ့ဝင်များက မိမိတို့ဝန်ကြီးဌာနအောက်ရှိဌာန၊ အဖွဲ့အစည်းများ၏ ဘဏ္ဍာငွေအရအသုံးခန့်မှန်းခြေ ငွေစာရင်းများရေးဆွဲတင်ပြခြင်းနှင့်ပတ်သက်၍ ဆွေးနွေးတင်ပြကြသည်။ ယင်းနောက် ပြည်နယ်အဆင့်ဌာန၊ အဖွဲ့အစည်းများကမိမိတို့ဌာန အလိုက် ဘဏ္ဍာငွေအရ အသုံးခန့်မှန်းခြေငွေစာရင်းများ ရေးဆွဲတင်ပြခြင်းနှင့်စပ်လျဉ်း၍ ရှင်းလင်းတင်ပြကြသည်။

ဆွေးနွေးတင်ပြချက်များအပေါ် ပြည်နယ်ဝန်ကြီးချုပ်က ပြန်လည်ဆွေးနွေးပေးပြီး နိဂုံးချုပ်အမှာစကား ပြောကြားခဲ့ကြောင်း သိရသည်။

တင်ထွန်း(ပြန်/ဆက်)