သံဖြူဇရပ် စက်တင်ဘာ ၉
မွန်ပြည်နယ်၊ သံဖြူဇရပ်မြို့နယ်တွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် ပညာရေးဌာနတို့ ပူးပေါင်း၍ အခြေခံပညာကျောင်းများ၌ ကျောင်းသား၊ ကျောင်းသူများ စာဖတ်ရှိန်မြင့်မားပြီး အသိပညာဗဟုသုတတိုးပွားစေရေး လူငယ်အသိပညာပေးဟောပြောခြင်းနှင့် နံရံကပ်စာစောင်ပြသခြင်းကို ယမန်နေ့ နံနက်ပိုင်းက အ.မ.က(အောင်ကုသိုလ်)ကျောင်း၌ ဆောင်ရွက်သည်။
ရှေးဦးစွာ ကျောင်းအုပ်ဆရာမကြီးက အမှာစကားပြောကြားပြီး ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိ ဒေါ်အေးအေးသီက စာဖတ်ရှိန်မြှင့်တင်ရေးအနေဖြင့် ကျောင်းသား၊ ကျောင်းသူ လူငယ်များအား လပ်ချိန်တွင်အချိန်ကို အကျိုးရှိစွာအသုံးပြုစေရေးကျောင်းစာကို ကြိုးစားသင်ယူရင်းအားလပ်သည့် အချိန်တွင် ဗဟုသုတတိုးပွားရေးအတွက် ပြင်ပစာပေများကိုပါ လေ့လာဖတ်ရှုကြစေရေး ကျောင်းစာကြည့်တိုက်ကို အသုံးပြုတတ်စေရန်နှင့် စာဖတ်ခြင်း၏ အကျိုးကျေးဇူးကို ဟောပြောသည်။
ထို့နောက် ကျောင်းသား၊ ကျောင်းသူများအား ပုံပြင်ရုပ်ပြစာအုပ်များဖြင့် စာဖတ်သည့် အလေ့အကျင့်ပြုလုပ်ပေးပြီး ခင်းကျင်းပြသထားသည့် စာအုပ်များနှင့် သဘာဝဘေးအန္တရာယ်၊ ယာဥ်အန္တရာယ်/လမ်းအန္တရာယ်ကင်းရှင်းရေးဆိုင်ရာ အသိပညာပေးနံရံကပ်စာစောင်ကို ကျောင်းသား၊ ကျောင်းသူများက စိတ်ပါဝင်စားစွာ ဖတ်ရှုလေ့လာခဲ့ကြကြောင်း သိရသည်။
မြို့နယ် (ပြန်/ဆက်)