မင်္ဂလာဒုံ စက်တင်ဘာ ၉
၂၀၂၅ ခုနှစ် ဒီဇင်ဘာ ၂၈ ရက်နေ့တွင် ကျင်းပမည့် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲလုပ်ငန်းစဉ်များ အောင်မြင်ပြီး ပြည်သူများလိုလားတောင့်တသည့် ပါတီစုံဒီမိုကရေစီစနစ်ကို အောင်မြင်စွာလျှောက်လှမ်းနိုင်ရေး ပြည်သူလူထု၏ ပူးပေါင်းပါဝင်မှုဖြင့် အကောင်အထည်ဖော်လျက် အောင်မြင်စွာ ဆောင်ရွက်နိုင်ရေးအတွက် ရန်ကုန်တိုင်းဒေသကြီး မင်္ဂလာဒုံခရိုင် မင်္ဂလာဒုံမြို့နယ်တွင် မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီနှင့် မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲတို့ ပူးပေါင်း၍ မြန်မာအီလက်ထရောနစ်မဲပေးစက်(MEVM)ဆိုင်ရာ အသိပညာပေးခြင်းနှင့် လက်တွေ့စမ်းသပ်မဲပေးခြင်းကို ယမန်နေ့ နံနက် ၉ နာရီမှ ညနေ ၃ နာရီထိ သတ်မှတ်စုရပ်နေရာများ အသီးသီး၌ ကွင်းဆင်းဆောင်ရွက်ခဲ့ကြသည်။
အဆိုပါသတ်မှတ်စုရပ်နေရာများဖြစ်သော တောတိုက်ဘုန်းကြီးကျောင်း၊ ပန်းခြံကုန်းဘုန်းကြီးကျောင်း၊ အောင်မင်္ဂလာဓမ္မာရုံ၊ ရပ်ကွက်ဓမ္မာရုံတို့၌ တောတိုက်ရပ်ကွက်မှ ပြည်သူ(၁၃၉၇)ဦး၊ ၂(ခ)ရပ်ကွက်မှ ပြည်သူ(၅၆၇)ဦး၊ ၃(က)ရပ်ကွက်မှ ပြည်သူ(၂၈၇)ဦး၊ ၃(ခ)ရပ်ကွက်မှ ပြည်သူ(၁၀၁၅)ဦးတို့အား မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲဥက္ကဋ္ဌနှင့် မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ အတွင်းရေးမှူး တို့က ၂၀၂၅ ခုနှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲနှင့် ပတ်သက်၍ မဲဆန္ဒရှင်ပြည်သူများအနေဖြင့် မဲပေးကာလတွင် အခက်အခဲမရှိ မဲပေးနိုင်စေရန်ရည်ရွယ်လျက် မြန်မာအီလတ်ထရောနစ်မဲပေးစက်(MEVM)ဖြင့် လက်တွေ့အသုံးပြုပုံများ အဆင့်ဆင့်ကို အသိပညာပေးရှင်းလင်းပြောကြားခဲ့ပြီး ရပ်ကွက်နေပြည်သူများအား လက်တွေ့စမ်းသပ်မဲပေးခြင်း လုပ်ငန်းများကို ဆက်လက်ဆောင်ရွက်ပေးခဲ့ကြသည်။
အခမ်းအနားသို့ ခရိုင်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးကောင်းညွန့်နှင့် အဖွဲ့ဝင်များ၊ မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးထူးကျော်နှင့် အဖွဲ့ဝင်များ၊ မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ခွဲဝင်များ၊ သက်ဆိုင်ရာတာဝန်ရှိသူများတို့က တက်ရောက်ကြပြီး မြန်မာအီလက်ထရောနစ်မဲပေးစက် (MEVM) ဖြင့် လက်တွေ့စမ်းသပ်မဲပေးခဲ့ခြင်းကို ရပ်ကွက်နေမဲဆန္ဒရှင်ပြည်သူများနှင့်အတူ ပူးပေါင်းပါဝင်ဆောင်ရွက်ကြကြောင်း သိရသည်။
မင်းသိန်းထွန်း