နေပြည်တော် စက်တင်ဘာ ၉
နေပြည်တော်ကောင်စီ၏ ခွင့်ပြုရန်ပုံငွေဖြင့် မိသားစုဝင်ငွေတိုးရေးစီမံကိန်း စက်ချုပ်နည်းပညာသင်တန်းဖွင့်ပွဲ အခမ်းအနားကို ယနေ့နံနက်ပိုင်းတွင် ပျဉ်းမနားမြို့နယ်၊ စက်ရုံကျေးရွာ၊ လူထုခန်းမ၌ ကျင်းပရာ နေပြည်တော်ကောင်စီဝင် ဦးမင်းဦး၊ နေပြည်တော် အသေးစား စက်မှုလက်မှုလုပ်ငန်းဦးစီးဌာနမှ တာဝန်ရှိသူများ၊ ရပ်မိ ရပ်ဖများ၊ သင်တန်းသူများ တက်ရောက်ကြသည်။
အခမ်းအနားတွင် နေပြည်တော်ကောင်စီဝင် ဦးမင်းဦးက နေပြည်တော်ကောင်စီအစီအစဉ်ဖြင့် သဘာဝဘေးဒဏ်သင့် ကျေးရွာများကို အဓိကဦးစားပေး၍ အသက်မွေးပညာသင်တန်းများကို ဖွင့်လှစ်ပေးပြီး လုပ်ငန်းထူထောင်နိုင်ရန်အတွက် ဆောင်ရွက်ပေးလျက်ရှိကြောင်း၊ အမျိုးသမီးအများစုသည် မြန်မာ့ယဉ်ကျေးမှုနဲ့ လျော်ညီသည့်ဝတ်စုံများ ချုပ်လုပ်ဝတ်ဆင်သည့်အတွက် စက်ချုပ်လုပ်ငန်းများ တစ်ခေတ် ပြန်လည်အောင်မြင်နေပြီဖြစ်ကြောင်း၊ အထည်ချုပ်လုပ်ငန်း များသည် စီးပွားရေးအတွက် တစ်စိတ်တစ်ပိုင်းအားဖြင့် အထောက်အကူပြုရုံမက အမျိုးသမီးများ အတွက်လည်း အလုပ်အကိုင်အခွင့်အလမ်းများနှင့် မိမိတို့အိမ်မှုကိစ္စများအပြင် အိုးမကွာအိမ်မကွာဖြင့် တစ်ဖက်တစ်လမ်းမှ ဝင်ငွေရရှိအောင် ဆောင်ရွက်နိုင်ရန် စက်ချုပ်နည်းပညာကို သင်ကြားပေးပြီး စက်ချုပ်လုပ်ငန်း လုပ်ကိုင်ဖို့ စက်ပစ္စည်းများပေးအပ်မှာ ဖြစ်ပါကြောင်း၊ သင်တန်းဆင်းများထဲမှ ထူးချွန်ပြီး အမှန်တကယ် လုပ်ငန်းပြန်လည် လုပ်ကိုင်မည့်သူ ၅ ဦးကို ရွေးချယ်ပြီး အပ်ချုပ်ဆိုင် ဖွင့်လှစ်နိုင်သည်အထိ အပ်ချုပ်စက်၊ ဘီတင်စက်၊ ဓားစက်၊ ထုပ်သီးရိုက်စက်တို့ကို ထောက်ပံ့ပေးအပ်သွားမှာဖြစ်ကြောင်း ပြောကြားသည်။
ထို့နောက် နေပြည်တော်ကောင်စီဝင် ဦးမင်းဦးသည် သင်တန်းသားများအား ရင်းရင်းနှီးနှီး တွေ့ဆုံနှုတ်ဆက်ကာ သင်တန်းသုံးစက်ပစ္စည်းများနှင့် ထောက်ပံ့ပစ္စည်းများအား ကြည့်ရှုစစ်ဆေးပြီး အမှတ်တရမှတ်တမ်း ဓာတ်ပုံများ ရိုက်ကူးခဲ့သည်။
အဆိုပါ အခြေခံစက်ချုပ်နည်းပညာသင်တန်းအား ရက်ပေါင်း ၄၅ ရက်ကြာ ပျဉ်းမနားမြို့နယ်၊ စက်ရုံကျေးရွာနှင့် ပေါစံခေါကျေးရွာအတွင်းရှိ သင်တန်းသား ၁၅ ဦးကို ကျွမ်းကျင်နည်းပြများမှ စာတွေ့လက်တွေ့ သင်ကြားပို့ချပေးသွားမည်ဖြစ်ကြောင်း သိရသည်။
နေပြည်တော်အသေးစား စက်မှုလက်မှုလုပ်ငန်းဦးစီးဌာနအနေဖြင့် အသေးစားကုန်ထုတ်လုပ်ငန်းများ ဖန်တီးပေးနိုင်ရေးနှင့် ကျေးလက်နေ မိသားစုဝင်ငွေတိုးရေးစီမံကိန်းများကို ၂၀၂၄-၂၀၂၅ ဘဏ္ဍာရေးနှစ်တွင် စီမံကိန်းကျေးရွာ ၁၄ ရွာတွင် အကောင်အထည်ဖော် ဆောင်ရွက်ခဲ့ပြီး အသေးစားကုန်ထုတ်လုပ်ငန်းရှင် ၇၀ ဦး လုပ်ငန်းထူထောင်ပေးနိုင်ခဲ့ပြီး ၂၀၂၅-၂၀၂၆ ဘဏ္ဍာရေးနှစ်အတွင်း စီမံကိန်းကျေးရွာ ၄ ရွာတွင် ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။
အောင်သူရဦး(ပြန်/ဆက်)