တာချီလိတ် စက်တင်ဘာ ၉
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ တာချီလိတ်မြို့၌ ဆက်သွယ်ရေးလိမ်လည်မှုတိုက်ဖျက်ရေးနှင့် ယာဉ်စည်းကမ်း လမ်းစည်းကမ်းဆိုင်ရာ အသိပညာပေးဟောပြောပွဲကို စက်တင်ဘာ ၉ ရက်နေ့ နံနက်ပိုင်းက ဝိန်းကျောက်ရပ်ကွက်ရှိ Sun Moon Light ပုဂ္ဂလိက အလယ်တန်းကျောင်းခန်းမတွင် ကျင်းပသည်။
ရှေးဦးစွာ မြို့နယ်မိခင်ကလေးအသင်းဥက္ကဋ္ဌ ဒေါ်စန္ဒာထွန်းက အဖွင့်အမှာစကားပြောကြားပြီး တာဝန်ရှိသူများက ကျောင်းသား၊ ကျောင်းသူလေးများအား ဆက်သွယ်ရေးလိမ်လည်မှုတိုက်ဖျက်ရေးဆိုင်ရာ အသိပညာပေး Video Clip ကို ပြသသည်။ ထို့နောက် လူကုန်ကူးမှုတားဆီးနှိမ်နင်းရေး ရဲတပ်ဖွဲ့ ဒုတိယရဲမှူး အောင်ကျော်ဇင်က ဗီဒီယိုနှင့်ပတ်သက်၍ ဗဟုသုတအသိအမြင်များ၊ လူကုန်ကူးခံရခြင်း၏ အဓိကအကြောင်းအရာများ၊ လူကုန်ကူးခံရပါကဆက်သွယ်တိုင်ကြားနိုင်သည့် နည်းလမ်းများ စသည့်အကြောင်းအရာများကို ဆင့်ပွားအသိပညာပေးခြင်းများ ဆောင်ရွက်ခဲ့သည်။
ယင်းနောက် အမှတ်(၁၂၁) ယာဉ်ထိန်းရဲတပ်ဖွဲ့စု(တာချီလိတ်) တပ်ဖွဲ့စုမှူး ဒုတိယရဲမှူး အေးမင်းအောင်နှင့် ယာဉ်ထိန်းရဲတပ်ဖွဲ့ဝင်များက ယာဉ်မတော်တဆမှုများ လျော့နည်းကျဆင်းစေရေးအတွက် ဆောင်ရန်/ ရှောင်ရန်အချက်များကို ရှင်းလင်းဟောပြောပြီး မြို့နယ်အမျိုးသမီးရေးရာအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များက အသိပညာပေးလက်ကမ်းစာစောင်များ ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။
ကျော်ဇေယျာလင်း (ပြန်/ဆက်)