မြင်းခြံ စက်တင်ဘာ ၉
မန္တလေးတိုင်းဒေသကြီး၊ မြင်းခြံမြို့၌ ကြက်ခြေနီရှေးဦးသူနာပြုစုခြင်း(အခြေခံ)သင်တန်း (၁/၂၀၂၅) ကို စက်တင်ဘာ ၉ ရက်နေ့နံနက် (၉) နာရီက အမှတ် (၄) အခြေခံပညာအထက်တန်းကျောင်း စံပယ်ခန်းမတွင် ပြုလုပ်ခဲ့သည်။
အခမ်းအနားတွင် ခရိုင်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးမင်းမင်းထွန်းက အဖွင့်အမှာစကားပြောကြားခဲ့သည်။ ထို့နောက် မြို့နယ်ကြက်ခြေနီသူနာပြုတပ်ဖွဲ့ဥက္ကဋ္ဌ ဦးမြင့်ကြည်က ကြက်ခြေနီရှေးဦးသူနာပြုစုခြင်း(အခြေခံ)သင်တန်းဖွင့်လှစ်ရခြင်း ရည်ရွယ်ချက် များနှင့် ကြက်ခြေနီဖြစ်ပေါ်လာပုံ သမိုင်းကြောင်းများ၊ ကြက်ခြေနီသူနာပြုတပ်ဖွဲ့ဝင်များ၏ လုပ်ဆောင်ရသည့် လုပ်ဆောင်ချက်များကို ရှင်းလင်းဆွေးနွေး ပြောကြားခဲ့သည်။
“ယနေ့ ကြက်ခြေနီရှေးဦးသူနာပြုစုခြင်း(အခြေခံ)သင်တန်း (၁/၂၀၂၅)ကို တက်ရောက် သင်ကြားကြသည့် အမှတ် (၄) အခြေခံပညာအထက်တန်းကျောင်းမှ ကျောင်းသား၊ ကျောင်းသူများကို ကြက်ခြေနီအကြောင်း သိကောင်းစရာများ၊ ရှေးဦးပြုစုခြင်းအကြောင်း သိကောင်းစရာများ၊ လူနာဆန်းစစ်ခြင်း၊ အရိုးကျိုးခြင်း၊ ဒဏ်ရာဖြစ်ခြင်း၊ အဆိပ်သင့်ခြင်း၊ ဆို့နင့်ခြင်း၊ ပူလောင်ခြင်း၊ သတ္တဝါကိုက်ခြင်းနှင့်တုပ်ခြင်း၊ ပတ်တီးစည်းခြင်း၊ လူနယ်သယ်ဆောင်ခြင်းများအပြင် ကြက်ခြေနီသူနာပြုတပ်ဖွဲ့ဝင်များ တပ်အပ်သောပညာများပါ သင်ကြားပို့ချပေးသွားမည်ဖြစ်ကြောင်း” မြို့နယ်ကြက်ခြေနီသူနာပြုတပ်ဖွဲ့မှူး ဒေါ်အေးစမ်းမိုးက ပြောသည်။
အဆိုပါ ကြက်ခြေနီရှေးဦးသူနာပြုစုခြင်း(အခြေခံ)သင်တန်း(၁/၂၀၂၅)တွင် အမှတ် (၄) အခြေခံပညာအထက်တန်းကျောင်းမှ ကျောင်းသား (၃၂) ဦး၊ ကျောင်းသူ (၆၈) ဦး စုစုပေါင်း ကျောင်းသား၊ ကျောင်းသူ (၁၀၀)ဦး တက်ရောက်သင်ကြားခဲ့ပြီး သင်တန်းကာလကို (၅)ရက်ကြာ သင်ကြားပို့ချပေးသွားမည်ဖြစ်ကြောင်း သိရသည်။
ကျော်စွာ(၃၆၆)