မိုင်းယန်းမြို့ အခြေခံပညာကျောင်းများသို့ “လူကုန်ကူးမှုတားဆီးကာကွယ်ရေး”နှင့် “ကလေးအလုပ်သမားပပျောက်ရေး”ဆိုင်ရာ အသိပညာပေး ကွင်းဆင်းဟောပြော

မိုင်းယန်း စက်တင်ဘာ ၉

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းယန်းခရိုင်၊ မိုင်းယန်းမြို့နယ် အခြေခံပညာကျောင်းများရှိ ကျောင်းသား၊ ကျောင်းသူများအား လူကုန်ကူးမှုဆိုင်ရာအကြောင်းအရာများနှင့် ကလေးအလုပ်သမားဆိုင်ရာများကို ပိုမိုကျယ်ပြန့်စွာ သိရှိနိုင်စေရန်အတွက် “လူကုန်ကူးမှုတားဆီးကာကွယ်ရေး” နှင့် “ကလေးအလုပ်သမားပပျောက်ရေး”ဆိုင်ရာ အသိပညာပေးဟောပြောပွဲကို ယနေ့နံနက် ၉ နာရီခွဲအချိန်က မွန်ကဲရပ်ကွက်အတွင်းရှိ အခြေခံပညာအထက်တန်းကျောင်းနှင့် ဈေးတန်းရပ်ကွက်အတွင်းရှိ အခြေခံပညာအလယ်တန်းကျောင်းများ၌  ကျင်းပသည်။

အဆိုပါဟောပြောပွဲတွင် မြို့နယ်အမျိုးသမီးရေးရာအဖွဲ့ဝင် ဒေါ်ဇာဇာဝင်းက ဟောပြောပွဲ ကျင်းပပြုလုပ်ရခြင်း ရည်ရွယ်ချက်နှင့် ကျောင်းသား၊ ကျောင်းသူများအား အွန်လိုင်းလိမ်လည်မှုဆိုင်ရာအကြောင်းအရာများကို အသိပညာပေးရှင်းလင်းဟောပြောသည်။

ထို့နောက် မိုင်းယန်းမြို့မရဲစခန်းမှူး ဒုတိယရဲမှူး မျိုးမင်းလတ်က လူကုန်ကူးမှုအမျိုးအစားများ၊ လူကုန်ကူးမှုဖြစ်ပေါ်ရသည့် အဓိကအကြောင်းအရင်းများ၊ နောက်ဆက်တွဲဖြစ်စေနိုင်သည့် ဆိုးကျိုးအန္တရာယ်များ၊ လူကုန်ကူးခံရနိုင်သည့်အခြေအနေများ၊ လူကုန်ကူးသည်ဟု သံသယရှိပါက ဆက်သွယ်တိုင်ကြားနိုင်သည့်နေရာများနှင့် နည်းလမ်းများကိုလည်းကောင်း၊  မြို့နယ်ဥပဒေအရာရှိ ဦးအောင်မျိုးဦးက လူကုန်ကူးမှုဆိုင်ရာအရေးယူဆောင်ရွက်နိုင်သည့် ဥပဒေ၊ နည်းဥပဒေများ၊ ချမှတ်နိုင်သည့် ပြစ်မှုပြစ်ဒဏ်များ၊ အကြောင်းအရာများဖြင့် အသိပညာပေး ရှင်းလင်းဟောပြောရာ မသိနားမလည်သည်များကို ပြန်လည်မေးမြန်းဆွေးနွေးခဲ့ကြကြောင်း သိရသည်။

ထို့နောက် မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဝန်ထမ်းများမှ လူကုန်ကူးမှုအန္တရာယ်ဆိုင်ရာ အသိပညာပေး နံရံကပ်စာစောင်နှင့် ကလေးအလုပ်သမားပပျောက်ရေးဆိုင်ရာ အသိပညာပေးနံရံကပ်စာစောင်များကို ပြသခဲ့ကြောင်း သိရသည်။

ထွန်းထွန်းထူး