ကျောက်ပန်းတောင်း စက်တင်ဘာ ၉
မန္တလေးတိုင်းဒေသကြီး၊ ညောင်ဦးခရိုင်၊ ကျောက်ပန်းတောင်းမြို့နယ် မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲက မြန်မာအီလက်ထရောနစ် (MEVM) မဲပေးစက်အကြောင်း အသိပညာပေးခြင်းနှင့် လက်တွေ့စမ်းသပ်မဲပေးမှု သရုပ်ပြခြင်းများကို စက်တင်ဘာ ၈ ရက် မွန်းလွဲ (၂) နာရီက ဆင်တိုင်းကန်ကျေးရွာအုပ်စု၊ ဆင်တိုင်းကန်ကျေးရွာ ဘုန်းတော်ကြီးကျောင်း ဓမ္မာရုံတွင် ပြုလုပ်ခဲ့ကြောင်း သိရသည်။
အခမ်းအနားတွင် မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ အဖွဲ့ဝင် ဦးချစ်က မိတ်ဆက်အမှာစကား ပြောကြားပြီး၊ မြို့နယ်ရွေးကောက်ပွဲအရာရှိ ဦးဇင်မောင်က မြန်မာအီလက်ထရောနစ် (MEVM) မဲပေးစက်ဖြင့် ဆန္ဒမဲပေးခြင်း လုပ်ငန်းစဉ်များကို ရှင်းလင်းပြောကြား၍ တက်ရောက်လာသည့် ရပ်မိ၊ ရပ်ဖများနှင့် ကျေးရွာပြည်သူများက မေးမြန်းသည်များကို၊ ပြန်လည်ရှင်းလင်းဖြေကြားသည်။ ဆက်လက်၍ ရပ်မိ၊ ရပ်ဖများနှင့် ကျေးရွာပြည်သူများက မဲပေးစက်ဖြင့် ဆန္ဒမဲပေးခြင်းကို ကိုယ်တိုင်လက်တွေ့စမ်းသပ်ဆောင်ရွက်ကြပြီးနောက်၊ မြို့နယ်ရွေးကောက်ပွဲအရာရှိက Printer မှ ထွက်ရှိလာသည့် မဲစာရင်းဖြင့် ဆန္ဒပြုသူအရေအတွက် တိုက်ဆိုင်စစ်ဆေးခြင်းနှင့် ကိုယ်စားလှယ်လောင်းတစ်ဦးချင်းစီ၏ ဆန္ဒမဲလက်မှတ်များ စိစစ်၍ မဲရလာဒ် ထုတ်ပြန်ခြင်းများကို ရှင်းလင်းပြသခဲ့သည်။ အဆိုပါ အသိပညာပေးနှင့် စမ်းသပ်မဲပေးပွဲသို့ ညောင်ဦးခရိုင်ကော်မရှင်အဖွဲ့ဝင် ဦးနိုင်ဦး၊ မြို့နယ်ရွေးကောက်ပွဲ ကော်မရှင်ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ ဆင်တိုင်းကန်ကျေးရွာ ကျေးရွာအုပ်စု ကော်မရှင်အဖွဲ့ဝင်များနှင့် မဲဆန္ဒရှင် ပြည်သူများ စုစုပေါင်း (၂၅၅) ဦး တက်ရောက်ခဲ့ကြကြောင်း သိရသည်။
နေအောင်(ပြန်/ဆက်)