ကျောက်တန်း စက်တင်ဘာ ၉
ရန်ကုန်တိုင်းဒေသကြီး သန်လျင်ခရိုင် ကျောက်တန်းမြို့နယ် မီးသတ်ဦးစီးဌာနမှ အကြိုအခြေခံမီးသတ်ပညာသင်တန်းအမှတ်စဥ် (၁/၂၀၂၅) ဖွင့်ပွဲအခမ်းအနားကို ယမန်နေ့ နံနက်(၁၀)နာရီအချိန်က ကျောက်တန်းမြို့နယ် ရွှေပျောက်ကျေးရွာရှိ ရတနာမြိုင်သာယာဘုန်းတော်ကြီးကျောင်းဓမ္မာရုံ၌ ကျင်းပခဲ့သည်။
အခမ်းအနားတွင် မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီအဖွဲ့ဝင် ဗိုလ်မှူးချမ်းမြေ့ဦးက အဖွင့်အမှာစကားပြောကြားရာ၌ ယခုကဲ့သို့ သင်တန်းဖွင့်လှစ်ရခြင်းမှာ မီးလောင်မှုများ၊ သဘာဝဘေးအန္တရာယ်များ ကြိုတင်ကာကွယ်ရေးအတွက်လည်းကောင်း၊ သဘာဝဘေးအန္တရာယ်များနှင့် မီးလောင်မှုဖြစ်ပွားလာပါကလည်း မီးသတ်တပ်ဖွဲ့ဝင်များနှင့်အတူ မီးသတ်ပစ္စည်းကိရိယာများဖြင့် ကျွမ်းကျင်ပိုင်နိုင်စွာ စနစ်တကျမီးငြိမ်းသတ်ရေးနှင့် ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းများကို ပြုလုပ်နိုင်ရန် ရည်ရွယ်၍ သင်တန်းအား ဖွင့်လှစ်ခြင်းဖြစ်ကြောင်း ပြောကြားခဲ့သည်။
ဆက်လက်၍ မြို့နယ်မီးသတ်ဦးစီးမှူး ဦးအောင်ကျော်ဝင်းက သင်တန်းဖွင့်လှစ်ရခြင်း၏ ရည်ရွယ်ချက်များကို ပြောကြားခဲ့သည်မှာ ယခုသင်တန်းမှပို့ချသည့် မီးဘေးအန္တရာယ်နှင့် သဘာဝဘေးအန္တရာယ်များ ကြိုတင်ကာကွယ်ရေးအတွက် စာတွေ့၊ လက်တွေ့သင်တန်းများကို စနစ်တကျသင်ကြားပြီး မီးလောင်မှုများ၊ သဘာဝဘေးအန္တရာယ်များ ကြုံတွေ့လာပါက ပူးပေါင်းပါဝင်ဆောင်ရွက်ကြစေလိုကြောင်း ပြောကြားခဲ့သည်။
အဆိုပါသင်တန်းကို ကျောက်တန်းမြို့နယ်မီးသတ်ဦးစီးဌာနမှရပ် ကွက်ကျေးရွာအုပ်စု ၆ ခုနှင့် ပူးပေါင်းဖွင့်လှစ်ပြီး သင်တန်းဖွင့်ပွဲသို့ မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီအဖွဲ့ ဗိုလ်မှူး ချမ်းမြေ့ဦး နယ်ပြန်ဆက်ဦးစီး ဦးသန့်ဇင်ထွန်း ရပ်ကွက်ကျေးရွာအုပ်ချုပ်ရေးမှူးများ သင်တန်းကြီးကြပ်သူများ သင်တန်းသားများ တက်ရောက်ခဲ့ပြီး သင်တန်းကာလမှာ ၁၀ ရက်ဖြစ်ကြောင်း သိရသည်။
နေလင်းကျော် (ပြန်/ဆက်)